၂၀၂၄ ခုနှစ်ရဲ့ Ballon d’Or ဆု အနိုင်ရသင့်သူ ၄ ဦးကို အန်ဆယ်လော့တီ ရွေးထုတ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ၂၀၂၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာလွန်းဒေါဆု ရသင့်သူ ၄ ဦးကို ထုတ်ဖော်လာရာမှာ ၃ ဦးက သူတို့အသင်း ကစားသမားတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ရီးယဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ ပိုင်ဆိုင်ခဲ့ပြီး မန်စီးတီးက ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ကာ နှစ်သင်းလုံးမှာ ယူရိုအနိုင်ရ စပိန်ကစားသမားတွေလည်း ရှိနေပါတယ်။

နည်းပြ အန်ဆယ်လော့တီက “ကျွန်တော့်အမြင်အရတော့ ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုကို ရလိမ့်မယ်။ ကာဗာဟယ်လ်လည်း တကယ့်ကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ သူက လာလီဂါ ရထားတယ်။ ချန်ပီယံလိဂ်လည်း ရတယ်။ ဖိုင်နယ်မှာလည်း ဂိုးသွင်းတယ်။ စပိန်နဲ့လည်း ယူရိုဖလား ရသေးတယ်။”

“ဒါပေမယ့် ဗင်နီစီယပ်စ်က ထက်မြက်တဲ့ ကစားသမား ၊ ငယ်ရွယ်တယ် ၊ ပုံရိပ်ကောင်းတယ် ၊ လာလီဂါဖလား ရတယ် ၊ ချန်ပီယံလိဂ်လည်း ရခဲ့တယ်။ ဖိုင်နယ်မှာရော ဆီမီးမှာပါ ဂိုးတွေ သွင်းယူခဲ့တယ်။ မြူးနစ်မှာ (၂)ဂိုး သွင်းယူသေးတယ်။

ဂျူဒ့်(ဘယ်လင်ဟမ်)ဟာလည်း ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးတော့ ဒါဟာ အံ့အားသင့်စရာကြီး ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။”

“ရိုဒရီဟာလည်း အံ့မခန်း ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ခဲ့သလို ခြေစွမ်းလည်း အမြဲ တသမတ်တည်း ရှိနေသူပါ။” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။