အင်္ဂလန်အသင်းမှာ ရခဲ့တဲ့ သိမ်ငယ်ရမှုတွေကို မန်စီးတီးနဲ့အတူ ပေါက်ကွဲဖို့ ဂရီးလစ်ရှ် အားခဲ

အင်္ဂလန် လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အတော်လေးကို ကြေကွဲဝမ်းနည်းစွာ ခံစားခဲ့ရတယ်လို့ ဂရီးလစ်ရှ်က ဝန်ခံခဲ့ကာ ဒီအဖြစ်အပျက်ကနေ မန်စီးတီးအတွက် ခြေစွမ်းပြဖို့ တွန်းအားယူမယ်လို့ ပြောလာပါတယ်။

“ကျွန်တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကစားသမားဘဝ ကြုံခဲ့ဖူးသမျှတွေထဲကမှ အခက်အခဲဆုံးအရာ ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အတော်လေး ကြေကွဲဝမ်းနည်းရပါတယ်။ ”

“အားလပ်ရက်တွေမှာ ဘယ်နေရာပဲသွားသွား ဖုန်းဖွင့်လိုက်တဲ့အချိန် တီဗီဖွင့်လိုက်တဲ့အချိန်တွေတိုင်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ မြင်နေရတာဆိုတော့ ကျွန်တော့်အတွက် တကယ် ခက်ခဲပါတယ်။ ဒီဖြစ်ရပ်ကနေ လာမယ့်ရာသီမှာ ကျွန်တော့်အတွက် တွန်းအား ဖြစ်လာအောင် လုပ်ဆောင်ရပါမယ်။”

“ ကျွန်တော်ရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက်နှစ်တုန်းက ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဒုတိယရာသီမှာ ပွဲတော်တော်များများ ကစားလာရတယ်။ ပထမရာသီထက် ပိုကောင်းချင်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော် ဒီလို ပြန်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဂရီးလစ်ရှ်က ဖွင့်ဟသွားပါတယ်။