
ချယ်ဆီးအသင်းဟာ ဒီမနက် ကလပ်အမေရိက အသင်းနဲ့ ခြေစမ်းပွဲ ကစားရာမှာတော့ ၃-ဝ နဲ့ နိုင်ခဲ့ပြီး နည်းပြ မာရက်စ်ကာ လက်ထက် တတိယမြောက် ခြေစမ်းပွဲမှာ နိုင်ပွဲ စတင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ချယ်ဆီးက ရှေ့၂ပွဲကထက်စာရင် တိုက်စစ်ပိုင်းအရ ကစားပုံ အတော်လေး တည်ငြိမ်လာပြီး၊ ခြင်္သေ့ပြာတို့ ဒီထက် ဂိုးပိုပြတ်ခဲ့သင့်ပါတယ်။
အဖွင့်ဂိုးကို အန်ကွန်ကူက ပွဲစစချင်း ရတဲ့ ပင်နယ်တီမှ သွင်းယူ ပေးခဲ့ကာ၊ ခြေစမ်းပွဲ ၃ပွဲဆက် ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
ချယ်ဆီး အတွက် Debut ပွဲထွက်ခွင့် ရခဲ့တဲ့ ဒယူးစ်ဘူရီဟောဟာ ဟက်ထရစ် အထိ ရခဲ့သင့်ပေမယ့်၊ ပထမဆုံး သွင်းဂိုး စတင် ရရှိခဲ့တဲ့ မာ့ခ်ဂီယူး အတွက်တော့ ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ်။
ခံစစ်ကတော့ ထိုးဖောက်ရလွယ်ကူလွန်းနေဆဲ ဖြစ်ပြီး၊ ရောဘတ် ဆန်းချက်ဇ်ရဲ့ လက်စွမ်းပြ ကာကွယ်မှု တကြိမ်နဲ့ ဂိုးဘားတန်း ထိချကိ တကြိမ်ကြောင့် ချေပဂိုးတွေ မပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာက ပထမပိုင်းလောက်ချယ်ဆီး ကစားပုံ အားရစရာ မကောင်းပေမယ့်၊ လူစားလဲမှု အများအပြား လုပ်ခဲ့တာကြောင့် တည်ငြိမ်မှု ပျက်ပြားခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဂိုးသွင်းဖို့ အခွင့်အရေး တချို့တော့ ရခဲ့သေးပြီး၊ လူစားဝင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဂိုးသွင်းခွင့် ၂ကြိမ် ရခဲ့ပေမယ့်၊ အဆုံးမသတ်နိုင်ခဲ့ပါဘူး။
အန်ကွန်ကူရဲ့ တကိုယ်တော် မွှေနှောက်ထိုးဖောက်မှုကနေ ချယ်ဆီး တို့ ဒုတိယအကြိမ် ပင်နယ်တီ ရခဲ့ရာ၊ ဒါကို မက်ဒူးကီက အဆုံးသတ်ခဲ့လို့ ရလဒ်ကို ပိုမိုပြတ်သားစေခဲ့ပြီး၊ နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ပထမဆုံး နိုင်ပွဲကို ပိုမို သေချာစေခဲ့ပါတယ်။