ဂိုးသမားသစ်တွေ စွတ်စု နေတဲ့ ချယ်ဆီးကတော့ ကော်တိုရစ် လက်သစ် ဂိုးသမားလေးကို ထပ် ချိတ်နေပါပြီ

ချယ်ဆီး အသင်းဟာ ဂိုးသမားသစ်လေး ဖိလစ် ဂျော်ဂျင်ဆန် ကို ခေါ်ယူလိုက်ပြီ ဖြစ်ပေမယ့် နောက်ထပ် ဂိုးသမားသစ် တစ်ယောက်ကိုလည်း ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေပါတယ်။

ချယ်ဆီးအသင်းဟာ အရောင်းစာရင်းမှာ ဂိုးသမားတွေ ဖြစ်တဲ့ ကီပါ၊ ပီထရိုဗစ်တို့ကို ထည့်သွင်းထားပြီး လူငယ်သစ်တွေနဲ့ ပြန်ခေါ် အားဖြည့်ဖို့ ရည်မှန်းထားပုံပါ။

ချယ်ဆီးက Genk အသင်းမှ ဆယ်ကျော်သက် အရွယ် ဂိုးသမားလေး မိုက် ပန်ဒါစ် ကို ခေါ်ယူဖို့ စဉ်းစားနေကာ ဆွေးနွေးမှု စတင်ထားကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

ချယ်ဆီးအသင်းက ပန်ဒါစ်ကို ကော်တိုရစ် လက်သစ် ဂိုးသမား အဖြစ် ရှုမြင်ထားပြီး ကစားသမားဘက်ကို အခိုင်အမာ စည်းရုံးရေး ဆင်ထားတယ်လို့လည်း သိရပါတယ်။

၂၀၀၅ ခုနှစ်မှာ မွေးဖွားတဲ့ လူငယ်လေး ပန်ဒါစ် အတွက် ကလပ်နှစ်သင်းကြား သဘောတူညီမှု တစုံတရာတော့ မရှိသေးပါဘူး။

ဒီဆွေးနွေးမှုဟာ ချယ်ဆီးရဲ့ အခြားသော ဂိုးသမား ခေါ်ယူမှု ဖြစ်တဲ့ ဂျော်ဂျင်ဆန် ရဲ့ အပြောင်းအရွှေ့ အပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒီလူငယ်လေးဟာ ချယ်ဆီး အနာဂတ် ပလန်တွေ အတွက် ရည်ရွယ်တာပါ။

အသက် ၁၈ နှစ် အရွယ် ဂိုးသမားလေး ပန်ဒါစ်က စီနီယာ အသင်းကြီး အတွက် တစ်ပွဲတည်းသာ ကစားထားပြီး Genk အသင်းအတွက် ဝ-ဝ သရေကျ၊ clean sheet ရယူထားပါတယ်။

ပန်ဒါစ် ဟာ သူ ကစားထားတဲ့ တစ်ပွဲတည်းသော စီနီယာပွဲမှာ ဂိုးမပေးရရုံသာမက ဘောလုံး ပေးပို့မှု ၁ဝဝ% အောင်မြင်ထားသလို တိကျတဲ့ အဝေးဘော ပေးပို့မှု ၁၃ ကြိမ်လည်း ပြုလုပ်ခဲ့ပါတယ်။