ရာသီကြိုမှာ နိုင်ပွဲမရသေးသလို မနက်က ဘာစီလိုနာကို ၂-၂ သရေကျတဲ့ပွဲမှာ ဘာတွေမြင်ခဲ့သလဲ

အဓိက လူစာရင်း လက်လွတ်ထားရတဲ့ မန်စီးတီးအသင်းဟာ အမေရိကန်ခြေစမ်းခရီးစဉ်မှာ အခြေအနေ မကောင်းသေးဘဲ ဒီမနက်ကလည်း ဘာစီလိုနာကို မိနစ် ၉၀ အတွင်း သရေကျပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲကန်ခါနီးမှာ ရာသီဥတု ဆိုးရွားနေတာကြောင့် ခြေစမ်းပွဲကို သတ်မှတ်ချိန်ထက် အများကြီး နောက်ကျပြီးမှ ကစားခဲ့ရပါတယ်။ ဒီပွဲမှာ နည်းပြဂွာဒီယိုလာက အီဒါဆင်၊ ဂါဒီယော၊ ကိုဗာချစ်၊ ဂရီးလစ်ရှ်၊ ဟာလန်းတို့အား ပွဲထုတ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း လူမစုံခဲ့ပါဘူး။

မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာ ကစားနိုင်ခဲ့သလို ၁၁ မိနစ်မှာပဲ အော်စကာဘော့ဘ်ရဲ့ ဖြတ်တင်ဘောကို ဟာလန်း အနိမ့်ကန်ချက်နဲ့ပိတ်သွင်းခဲ့ပေမဲ့ ဘာစီလိုနာဂိုးသမား ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့လို့ မန်စီးတီး စောစောစီးစီး ဂိုးမရခဲ့တာပါ။ တရားဝင်ပွဲဆိုရင် VAR စစ်ဆေးပြီး ဂိုးပေးမယ့် အနေအထားဖြစ်ပါတယ်။

ဘာစီလိုနာဘက်က ကွင်းလယ် ရုန်းအားကောင်းပြီး တိုက်စစ်ဆင်ပုံ မဆိုးခဲ့ပါဘူး။ ပွဲချိန် ၂၄ မိနစ်မှာ ကတ်ဆာဒိုရဲ့ ကောင်းမွန်တဲ့ ပေးချက်ကနေ တိုက်စစ်သမား ဗစ်တာက ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ပထမပိုင်း မပြီးခင်မှာ မန်စီးတီး ချေပဂိုးပြန်ရခဲ့ပြီး ဂါဒီယော ပေးတာကနေ အသက် ၁၉ နှစ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကွင်းလယ်လူ အိုရိုင်လေက ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ကျသွင်းဂိုး တစ်ဂိုးကို အီဒါဆင်ရဲ့ အမှားကနေ ဘာစီလိုနာက သွင်းယူလို့ ပထမပိုင်းမှာ ၁-၂ ရလဒ် ထွက်ခဲ့ပါတယ်။

မန်စီးတီးအတွက် ဒုတိယချေပဂိုးကို ပွဲချိန်တစ်လျှောက်လုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်က မိနစ် ၆၀ မှာ သွင်းယူခဲ့ပြီး မိနစ် ၉၀ အတွင်း သရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့တာမှာတော့ ဘာစီလိုနာအသင်းက ၄-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

စီးတီးဟာ အမေရိကန် ရာသီကြို ခရီးစဉ်မှာ ၃ ပွဲကစား၊ နိုင်ပွဲမရှိသေးဘဲ ဆဲလ်တစ်၊ အေစီမီလန်တို့ကို မိနစ် ၉၀ အတွင်းရှုံးပြီး အခု ဘာစီလိုနာကိုလည်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးခဲ့ပြန်ပါတယ်။