ရာသီသစ်မှာ မန်စီးတီးကို အိမ်ကွင်းကော အဝေးကွင်းပါ အနိုင်ယူမယ်လို့ အာတီတာ သတိပေး

အာဆင်နယ်နည်းပြ အာတီတာက လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အတော်လေး မျှော်လင့်ချက်ထားနေကြောင်း ဝန်ခံလာခဲ့ပါတယ်။

လီဗာပူး၊ ချယ်ဆီး၊ စပါးတို့ နည်းပြအပြောင်းအလဲတွေ လုပ်ထားရချိန် ယူနိုက်တက်ကလည်း ပိုင်ရှင်အပြောင်းအလဲတွေ ရှိနေတာကြောင့် ၂ ရာသီဆက် အမှတ်ပေးဇယား ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အာဆင်နယ်ဟာ မန်စီးတီးလို တည်ငြိမ်မှုအရှိဆုံး အသင်းတွေထဲ ပါဝင်နေတာဖြစ်ပါတယ်။

မန်စီးတီးထံက ဖလားလုဖို့ ဘယ်လို ပစ်မှတ်ထားနေလဲ မေးခံရချိန်မှာ အာတီတာက ယုံကြည်ချက်ရှိရှိနဲ့ ဖြေပါတယ်။

” ၁၁၄ မှတ် ယူဖို့ပါပဲ။ ကျနော်တို့ ၃၈ ပွဲလုံး အနိုင်ကန်ရင် ပရီးမီးယားလိဂ်ဖလားရမှာ သေချာပါတယ်။ ဒါက ရည်မှန်းချက်ပါပဲ၊ ဘာရနိုင်မလဲ ကြည့်ကြတာပေါ့။

ပြိုင်ဘက်တွေအပေါ် လွှမ်းမိုးကစားပြီး နိုင်ပွဲရဖို့ အားထုတ်ရမှာပါ။ ခက်ခဲတာတွေကို ရင်ဆိုင်ရရင်တောင် ပြိုင်ဘက်တွေထက်တော့ ပိုကောင်းတဲ့အသင်း ဖြစ်နေရပါမယ်။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပါပဲ ” လို့ အာတီတာက ဆိုခဲ့တာ ဖြစ်ပါတယ်။