ဒီနွေမှာ အပြောင်းအရွှေ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်ပေါ်နေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှုး ဂျူလီယန် အဲလ်ဗာရက်ဇ်က သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
အာဂျင်တီးနား တိုက်စစ်ကစားသမား သူ့အနေနဲ့ မန်စီးတီးမှာ ပွဲကစားခွင့် အများအပြား ရခဲ့ပေမယ့် အရေးပါတဲ့ ပွဲတွေမှာတော့ ကစားခွင့် သိပ်မရခြင်းက သူ့အတွက် တွေးတောစရာ ဖြစ်စေတယ်လို့ ဆိုလာခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ဟာလန်းနဲ့ အဲလ်ဗာရက်ဇ် (၂)ဦးစလုံးအတွက် ပွဲကစားခွင့်တွေ အလုံအလောက် ပေးနေသည့်တိုင် အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တွေမှာဆိုရင်တော့ အဲလ်ဗာရက်ဇ်ထက် ဟာလန်းကိုသာ ပိုဦးစားပေး အသုံးပြုနေတာက အဲလ်ဗာရက်ဇ်အတွက် အနည်းငယ်လောက် စိတ်ပျက်စရာ ဖြစ်လာနိုင်သလို သူ့အနာဂတ်အတွက်လည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အဲလ်ဗာရက်ဇ်က “ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်ဟာ မန်စီးတီးအသင်းမှာ မိနစ်အများဆုံး ကစားသမားတွေထဲ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ အရေးပါတဲ့ ပွဲစဉ်တချို့မှာ ချန်လှပ်ခံခဲ့ရတာကိုတော့ ကျွန်တော် မပျော်ရွှင်မိပါဘူး။ ဒီပွဲတွေမှာလည်း ကျွန်တော် ပါဝင်ချင်ပါတယ်။
ကျွန်တော့် ဆုံးဖြတ်ချက်ကို စဉ်းစားသွားဖို့ အချိန်ယူရပါလိမ့်မယ်။ အိုလံပစ်ပြိုင်ပွဲကြီး ပြီးဆုံးသွားတာနဲ့ ကျွန်တော် ဘာလိုချင်တာလဲ ဆိုတာကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်စဉ်းစားဖို့ အချိန်ယူသွားရပါမယ်။” လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း အဲလ်ဗာရက်ဇ်အနေနဲ့ အချိန်ယူ စဉ်းစားပြီးရင်တော့ သူတို့အသင်းထံကို အသိပေးလာလိမ့်မယ်လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။
“သူ စဉ်းစားလိမ့်မယ်ဆိုတာကို ကျွန်တော် သတင်းမှာ ဖတ်လိုက်ရတယ်။ ကောင်းပြီ စဉ်းစားကြည့်လိုက်ပါ။ ပြီးရင်တော့ သူ ဘာလုပ်ချင်လဲဆိုတာ ကျွန်တော်တို့ကို အကြောင်းကြားလိမ့်မယ်။ ဂျူလီယန်က ပွဲအများကြီး ကစားခဲ့ပါတယ်။ သူက ဒီထက် ပိုပြီး ကစားချင်တာလား။ ကောင်းပြီ။ ဒါဆို သေချာလေး စဉ်းစားပါ။ သူ ဒါကို စဉ်းစားပြီးရင်တော့ ကျွန်တော်တို့ဆီကို သူအကြောင်းကြားလာပါလိမ့်မယ်။” လို့ ဂွာဒီယိုလာက မှတ်ချက်ပြုသွားခဲ့ပါတယ်။