လက်ရှိ အမေရိကန် ခြေစမ်း ခရီးစဉ်သို့ ချဲလ်ဆီး အသင်းဟာ လူငယ် ကစားသမား တချို့ကို ခေါ်ဆောင်လာခဲ့ကာ ထိုအထဲမှာ ဘာစီလိုနာကနေ ပေါင် ၅သန်းနဲ့ ခေါ်ယူထားတဲ့ စပိန် ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂီယူးလည်း တဦး အပါအဝင် ဖြစ်ပါတယ်။
လောလောဆယ် ခြေစမ်းပွဲ ၂ပွဲ ကစားထားပြီးချိန် ဂီယူးဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အဓိက ပွဲထွက် ကစားသမား တဦး အဖြစ် ရပ်တည်နေပြီး ဂိုးမသွင်းနိုင်သေးပေမယ့် ၂ပွဲလုံးမှာ သတိထားမိလောက်စရာ ကြိုးစားအားထုတ်မှုတွေ ပြသခဲ့ပါတယ်။
ဒီ ရာသီကြို ခရီး မတိုင်ခင်က ယင်းစပိန်သားကို ဆီဗီလာသို့ အငှားချနိုင်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိ ချဲလ်ဆီး အထောင်တိုက်စစ်မှာ နီကိုးလက်စ် ဂျက်ဆင် ကြံ့ခိုင်မှု မပြည့်သေးချိန် ၎င်းနေရာမှာ ဂီယူး ကိုပဲ ဆက်လက် အသုံးပြုရမယ့်ပုံ ပေါ်နေပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာ က ဂီယူးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ” အခုအချိန်မှာ မာ့ခ်နဲ့ ပတ်သက်ပြီး စီစဉ်ထားတာက တခြား လူငယ် ကစားသမားတွေ အားလုံးလိုပဲ ရာသီကြို ပြင်ဆင် ဖြတ်သန်းဖို့ ဖြစ်ပါတယ်။ ပြီးမှ သူတို့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် အတူတကွ ချသွားမှာပါ။ ”
” မာ့ခ်ဟာ လက်ရှိ ခြေစမ်း ခရီးစဉ်မှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြထားပြီး သူဟာ လောလောဆယ် ကျွန်တော်တို့နဲ့ အတူ ဆက်နေသွားဦးမှာ ဖြစ်သလို ၊ ဘယ်မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။