
မန်ချက်စတာ စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်းက ခက်ခဲကြမ်းတမ်းမယ့် ရာသီသစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ အခိုင်အမာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
စီးတီးတိုက်စစ်မှုးကတော့ တစ်ရာသီတည်း ပြိုင်ပွဲစုံ ပွဲပေါင်း (၇၀)လောက်အထိ ကစားသွားရနိုင်တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် ကြိုတွေးထားပုံပါ။
လာမယ့် ဘောလုံးရာသီမှာ ကလပ်အသင်းတွေအနေနဲ့ အထူးသဖြင့် ကလပ်အသင်းကြီးတွေအနေနဲ့က ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပတော့မယ့် ချန်ပီယံလိဂ် ယူရိုပါလိဂ်တို့လို ဥရောပပြိုင်ပွဲတွေမှာ ပွဲတွေ အများကြီး ကစားရတော့မယ့်အပြင် ဘောလုံးရာသီအပြီးမှာလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံအသင်းတွေ ဆင်နွဲရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးလိုမျိုးပါ ကစားရပါဦးမယ်။
ဒီလို ပွဲဆက်တွေ များပြားလာမှာနဲ့ ပတ်သက်ပြီး ဟာလန်းက “ယေဘုလျအားဖြင့် ကစားသမားတွေ ဘယ်လောက် ပင်ပန်း နွမ်းနယ်နေရတယ်ဆိုတာကို ယူရိုပြိုင်ပွဲမှာပဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ကစားသမားတွေရဲ့ ခြေစွမ်းအဆင့်အတန်းကို မြင်နိုင်ပေမယ့် ဘောလုံးကစားရတာ ဘယ်လောက်တောင် ပင်ပန်းနေရပြီလဲဆိုတာ သူတို့ မျက်နှာတွေမှာ ပေါ်နေပါတယ်။
အခု ဘောလုံးရာသီမှာလည်း ဒီလိုပဲဖြစ်မယ်လို့ ထင်မိပါတယ်။ တချို့ဆိုရင် အားလပ်ရပ်တောင် သိပ်မရခဲ့ဘူး။ ဒါကြောင့် ပွဲတိုင်းလိုလိုမှာတော့ ကျွန်တော်တို့ ထက်မြက်နေတာမျိုး ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။
ကျွန်တော်တို့ ကြိုးစား ကစားကြမှာ ဖြစ်ပေမယ့်လည်း တစ်ရာသီလုံး ပွဲ(၇၀)လောက်အထိ ကစားရမယ်ဆိုရင် တကယ် ခက်ခဲပါတယ်။ အကောင်းဆုံးပုံစံ ဖြစ်လာဖို့ဆိုရင်တော့ အသင်းက ကစားသမားတွေနဲ့ လက်တွဲပြီး ကြိုးစားလုပ်ကိုင်ရပါမယ်။”
အခု ကာလက ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက ကျွန်တော့်အတွက် အကြာရှည်ဆုံး အနားယူခဲ့ရတဲ့ ကာလပါ။ လုံလုံလောက်လောက် အနားယူထားရလို့ ရာသီသစ်အတွက်လည်း အဆင်သင့် ဖြစ်နေပါပြီ။
ကျွန်တော် ပင်ပန်းမှုဒဏ်ကို ခံစားထားရတာမို့ အခုလို အနားယူဖို့က တကယ်ကို လိုအပ်ခဲ့ပါတယ်။ လာမယ့်ရာသီက ရှည်လျားတော့မယ်လို့ ကျွန်တော် တွေးမိပေမယ့် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။