
မနေ့က ဆဲလ်တစ်ကို အရှက်တကွဲရလဒ်နဲ့ရှုံးတဲ့ခြေစမ်းပွဲက ချယ်ဆီးအသင်း ခြေစွမ်းအပေါ် ချယ်ဆီးပရိသတ်တွေ ဒေါသတကြီး ဝေဖန်ပြစ်တင်နေကြပါတယ်။
နည်းပြသစ်မာရက်စ်ကာနဲ့အတူ ရာသီသစ် ဖြတ်သန်းမဲ့ ချယ်လ်ဆီးအသင်းဟာ အခုလောလောဆယ် အမေရိကန်မှာ ခြေစမ်းပွဲတွေကစားနေပြီး ပထမပွဲတုန်းက လိဂ်ဝမ်းကလပ် ကလပ် ဝရက်ဇ်ဟမ်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့သလို အခု ဆဲလ်တစ်နဲ့ပွဲမှာတော့ ၄-၁ ဂိုးရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာပါ။
ပထမပိုင်းပွဲကစားချိန်အတွင်း ချယ်ဆီးရဲ့ခြေစွမ်းက စိတ်ပျက်စရာ ကောင်းအောင် ဆိုးရွားလွန်းပြီး အထူးသဖြင့် ခံစစ်ပိုင်းက အားနည်းချက်တွေ များခဲ့ပါတယ်။
အဲဒါကြောင့်ပဲ ဆဲလ်တစ်အသင်းက မိနစ် ၃၀ ကျော်အတွင်း အိုရိုင်လေ၊ ဖူရူဟာရှီတို့ သွင်းယူတဲ့ ဂိုးတွေနဲ့ ချယ်လ်ဆီးအသင်းကို ၂-၀ ဂိုးပြတ် ဦးဆောင်ခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ လူးဝစ်ပါလ်မာ၊ မိုက်ကယ်ဂျွန်ဆင်တို့က ဂိုးတွေ ထပ်သွင်းခဲ့တာကြောင့် ၄-၀ ဂိုးပြတ်သွားပါတယ်။
ချယ်ဆီးအတွက် အရှက်ပြေဂိုးကို ၈၉ မိနစ်မှာ တိုက်စစ်ကစားသမား အန်ကွန်ကူက ပယ်နယ်တီကနေ သွင်းခဲ့လို့ ချယ်ဆီးအသင်း ၄-၀ ဂိုးပြတ်ရှုံးမဲ့အခြေအနေဆိုးကနေ ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးပရိသတ်တွေဟာ သူတို့အသင်း ခြေစွမ်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး လာမဲ့ရာသီသစ်ကျရင် အခြေအနေ မကောင်းနိုင်ဘူးလို့ သုံးသပ်နေပါတယ်။ လူမှုကွန်ယက်တွေမှာ ချယ်ဆီးပရိသတ်တွေက အခုလို ပြောဆိုနေကြပါတယ်။
‘ရာသီသစ် ဘယ်တော့မှ မစဖို့တောင် ဆုတောင်းရမလိုဖြစ်နေပါပြီ။ ချယ်ဆီးအသင်းရဲ့ ကြမ္မာဆိုးကတော့ အခုအချိန်အထိ အသက်ဝင်နေဆဲပါပဲ’၊
‘ငါတို့အသင်းမှာ ခံစစ်ကစားသမားတွေ ပါရောပါရဲ့လား . . ချယ်ဆီးရဲ့စိတ်ပျက်စရာကောင်းတဲ့ ကစားကွက်ကြောင့် ဆဲလ်တစ်အသင်းဟာ ဘာစီလိုနာအကောင်းဆုံးအချိန်က ခြေစွမ်းအတိုင်း ကစားနိုင်ခဲ့ပါတယ်’၊
‘ငါတို့ ချယ်ဆီးအသင်း ဘာများဖြစ်ကုန်ကြတာလဲကွာ . . . ‘၊
‘အခုခြေစွမ်းအတိုင်းသာဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်း အဆင့် ၁၀ ဝင်ဖို့တောင် မသေချာပါဘူး’လို့ ဝေဖန်ရေးသားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၁၈ ပွဲသာနိုင်ပြီး အဆင့် ၆ နေရာသာ ရပ်တည်ခဲ့တာကြောင့် အသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ ပိုချက်တီနိုနဲ့လမ်းခွဲပြီးတော့ လက်စတာအသင်းနဲ့အတူ လိဂ်ချန်ပီယံရှစ်အမှတ်ပေးဖလား ရယူနိုင်ခဲ့တဲ့ မာရက်စ်ကာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မာရက်စ်ကာလက်ထက်မှာ ချယ်ဆီးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ မျှော်လင့်တကြီးဖြစ်နေကြပေမဲ့ အခုလောလောဆယ် ရာသီကြိုခြေစမ်းပွဲမှာတော့ ချယ်ဆီးအသင်း ခြေစွမ်းနဲ့ရလဒ်တွေက အားရစရာ မကောင်းသေးပါဘူး။