မာရက်စ်ကာရဲ့ ဒုတိယပွဲမှာတင် ဂိုးပြတ် အရှုံးနဲ့ ကြုံလိုက်ရတဲ့ ချယ်ဆီး၊ မန်စီးတီးပွဲမှာ အသင့်ဖြစ်စေရမယ် ဆိုတဲ့ နည်းပြရဲ့ ကတိ

ချယ်ဆီးအသင်းဟာ ဒီမနက် ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ ၄-၂ ဖြင့် ဂိုးပြတ် အရေးနိမ့်သွားပါတယ်။

ဒီပွဲမှာ ချယ်ဆီးက အံ့ဩဖို့ကောင်းလောက်အောင် ခံစစ်ကို high line ကစားခဲ့ပြီး ဒီခံစစ်ကနေပဲ ဂိုးတွေပေးခဲ့ရတာပါ။ နည်းပြအလိုအတိုင်း မကစားနိုင်သလား နည်းပြရဲ့ နည်းစနစ်ကကို ဆိုးရွားနေသလားကတော့ ရေရှည်မှာ အဆုံးအဖြတ် ပေးပါလိမ့်မယ်။

ခြေစမ်းပွဲ ဖြစ်တာမို့ နည်းစနစ် စမ်းသပ်တယ် ဆိုပေမယ့် ချယ်ဆီး ကစားသမား အားလုံးနီးနီး နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ချဉ်းကပ်ပုံ အပေါ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေကာ ခြင်္သေ့ပြာတို့ အတွက် ဒီလို အရှက်ရဖွယ် ရှုံးပွဲမျိုးဟာ ရာသီသစ် မစတင်ခင် စိတ်ဓာတ်ပိုင်း ထိခိုက်မှုတွေ ရှိစေနိုင်ပါတယ်။

နည်းပြ မာရက်စကာကတော့ အသင်းမှာ တချို့ကိစ္စတွေက နားမလည်နိုင်စရာ၊ ရှုပ်ထွေးစရာ ဖြစ်နေသေးကြောင်း ဝန်ခံခဲ့ပါတယ်။

” ဒီနေ့ပွဲမှာ ကျနော်တို့ ဆိုးရွားခဲ့တာက ဖိအားပေးမှု မလုပ်နိုင်ချိန်မှာ ပြန်ဆင်းကစားဖို့ လိုခဲ့တာပါ။ ဘောလုံးမရှိချိန်လို အချို့ ကစားမှုတွေမှာ ကျနော်တို့ ရှုပ်ထွေးနေကြတယ်။ ဒါပေမယ့် ရာသီကြိုမှာ ဒါမျိုးက ပုံမှန်ပါပဲ ” လို့ ပြောပါတယ်။

ချယ်ဆီးရဲ့ ရာသီကြို စွမ်းဆောင်ရည်တွေကတော့ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးနဲ့ ဆိုးရွားနေသလို ပရီးမီးယားလိဂ် ပြန်လည် စတင်ချိန် ရာသီအဖွင့်ပွဲကလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ ချယ်ဆီးဟာ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

အဆိုပါပွဲအတွက် မာရက်စကာက ” မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေမှာပါ။ ဒီနေ့ပွဲမှာ ရလဒ်ကောင်းရဖို့ အရေးကြီးခဲ့ပေမယ့် အခြား ကိစ္စတွေကို အကဲဖြတ်နိုင်ဖို့ကလည်း အရေးကြီးတာပါပဲ။

ဘောလုံးနဲ့အတူ ကျနော်တို့ ပိုကောင်းလာတယ်၊ အခွင့်အရေးတွေ ဖန်တီးနိုင်လာတယ်၊ ဘောလုံးမရှိချိန်မှာ ကျနော်တို့ ပိုတိုးတက်လာဖို့ လိုနေတာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။