ချယ်ဆီးအသင်း အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ဒီနွေ ထွက်ခွာဖွယ် ရှိနေတဲ့ အင်္ဂလန် ဝါရင့် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှု တစ်ရပ် ထွက်ပေါ်လာပါတယ်။
ဂေါင်းကြီး လို့ ခေါ်ကြလေ့ ရှိတဲ့ မန်ယူ ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားရဲ့ အနာဂတ်က ဒီနွေမှာ လှုပ်ခတ်မှုတွေ ရှိလာပါတယ်။
သရဲနီ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ကတော့ မက်ဂွိုင်းယားကို ပြိုင်ဖက် ချယ်ဆီး အနေနဲ့ ခေါ်ဖို့ ကြိုးစားကြည့်သင့်ကြောင်း တိုက်တွန်းသွားပါတယ်။
ဒွိုက်ယော့ခ် က ” ဟယ်ရီ မက်ဂွိုင်းယား က ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိသေးကြောင်း ပြသထားပါတယ်။ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ချယ်ဆီးလို ထိပ်သီး ကလပ်မျိုးတွေ အနေနဲ့ သူ့ကို ခေါ်ကြည့်သင့်ပါတယ် ။
သူဟာ အဆင့်တဆင့်မှာ ဆက်လက် ကစားပေးနိုင်ဆဲ ဖြစ်သလို အသစ်ပြန်လည် စတင်ခြင်းက သူ့ကို နောက်၁နှစ် ၊ ၂နှစ်လောက် ထိပ်တန်း အဆင့်မှာ စွမ်းဆောင်ဖို့ ခွန်အား ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ဒါကို ဘယ်တော့မှ မသိနိုင်ပါဘူး။
ကျွန်တော်ဆို အသက် ၃၆နှစ်အထိ ကစားခဲ့တာပါ ။ ဒီတော့ ကစားသမား တယောက်ယောက် အသက် ၃၀နား ကပ်နေလို့ဆိုပြီး ကျွန်တော် သူ့ကို ဘယ်တော့မှ ဖယ်ထုတ်ပစ်မှာ မဟုတ်ပါဘူး ။ သူ့မှာ ဒါမျိုးတွေ လုပ်ဖို့ အရည်အသွေးတွေ ကျန်နေဆဲပါ။
သီယာဂို ဆေးလ်ဗား ချယ်ဆီးက ထွက်ခွာသွားလို့ အဲဒီနေရာမှာ မက်ဂွိုင်းယားလို အတွေ့အကြုံရင့် ကစားသမား တယောက်က အစားဝင် ဖြည့်ပေးလို့ ရပါတယ်။ ” လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။