စီးပွားပျက်ပြီး ဆောက်လုပ်ရေးလုပ်သားဘဝရောက်နေတဲ့ ချဲလ်ဆီးကစားသမားဟောင်း

၂၀၁၅-၁၆ ဘောလုံးရာသီမှာ လက်စတာအသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဒ် ချန်ပီယံ ဖြစ်ခဲ့သလို ချဲလ်ဆီးအသင်း ကစားသမားဟောင်းလည်းဖြစ်တဲ့ ဒရင့်ဝါတာဟာ အခုတော့ စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်ပြီးနောက် ဆောက်လုပ်ရေးလုပ်သားအဖြစ် ရုန်းကန်နေရပါတယ်။

လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ဖူးသူထဲ ပါဝင်သူဟာ တစ်ဖန် သူ့ရဲ့ လူမှုကွန်ရက်ပေါ်က ဆောက်လုပ်ရေးလုပ်သားဝတ်စုံနဲ့အတူ တင်ထားတဲ့ ပို့စ်ကြောင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။

၂၀၁၇-၁၈ ရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေကြေး စတာလင်ပေါင် ၃၅ သန်း၊ တစ်ပတ်လုပ်ခ ပေါင် ငါးသောင်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအကုန်မှာ ရက်ဒင်းအသင်းနဲ့ စာချုပ်ကုန်ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ ကစားသမားဘ၀ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် ပြင်ပစီးပွားရေးလုပ်ငန်းထဲကတစ်ခုဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာပဲ ရပ်တန့်လိုက်ရပါတယ်။

အဲဒီနောက်မှာတော့ မန်ချက်စတာမြို့က နိုက်ကလပ်တစ်ခုမှာ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ပေမဲ့ ကံဆိုးကာ အရှုံးပေါ်ခဲ့တာကြောင့် ကစားသမားဘ၀မှာ စုဆောင်းခဲ့တဲ့ ငွေကြေးတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

အခုတော့ ဒရင့်ခ်ဝါတားဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေပုံကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီပို့စ်အောက် ဆိုးသွမ်းပရိသတ်တွေက “ဒရင့်ခ်ဝါတားရဲ့ ဘ၀ဟာ အောက်ဆုံးကို ရောက်သွားပြီ” လို့ မှတ်ချက်ပြုခဲ့ကြလို့ အင်္ဂလန်သားဟာ အဲဒီမှတ်ချက်တွေအတွက် ဒေါသထွက်ခဲ့ပြီး “ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရွေးချယ်မှုပါပဲ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။