ချဲလ်ဆီးတို့ လိဂ်ဝမ်းကလပ်ကို ကံကောင်းလို့ မရှုံးကာ နည်းပြသစ် မာရက်စ်ကာ ရာသီကြို အဖွင့် မျက်နှာပန်း မလှ ဖြစ်သွားတဲ့ ခြေစမ်းပွဲ

နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး နည်းပြ ဘဝ အဖွင့် ခြေစမ်းပွဲကတော့ အားရစရာမကောင်းတဲ့ ကစားပုံနဲ့ အတူ လိဂ်ဝမ်းကလပ် Wrexham နဲ့ ၂-၂ သရေကျသွားခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးခံစစ်သမား လီဗီ ကိုးဝဲလ်နဲ့ ဝရက်ဟမ်း တိုက်စစ်သမား ဂျိမ်းမက်ကလန်တို့ဟာ ပွဲအစ ၂ မိနစ်မှာတင် ရန်ပွဲဖြစ်ခဲ့ပါသေးတယ်။

ချဲလ်ဆီးဘက်က ဘောလုံးပိုင်ဆိုင်မှုရထားပြီး ကိုယ့်ဘက်ခြမ်းမှာ ကိုးဝဲလ် ဘောလုံးကစားနေစဉ် မက်ကလန်က ဝင်လုရာကနေ နှစ်ဦးသား အချေအတင် ဖြစ်ခဲ့ကြတာပါ။

ခပ်ကြမ်းကြမ်း ဝင်လုခံလိုက်ရတဲ့ ကိုးဝဲလ်ဟာ ဒေါသတကြီးနဲ့ မက်ကလန်ရဲ့ ဂျာစီကို ကော်လံကနေ ဆွဲပြီး တွန်းထိုးခဲ့ပါတယ်။ သူတို့နှစ်ဦးကို နှစ်ဘက် နည်းပြတွေကော ကစားသမားတွေကပါ ဝင်ဖြန့်ဖြေပေးခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်း တလျှောက်လုံးလည်း ဘောလုံး ကိုင်များနေခဲ့ကာ၊ ထိချက်တွေ၊ ဘောလုံးပေးပို့ပုံတွေကလည်း အတော်လေး လိုအပ်ချက် ရှိခဲ့ပါတယ်။

ပထမပိုင်းမှာ လူငယ်ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ မာ့ခ်ဂီယူးနဲ့ တိုင်ရစ်ခ်ဂျော့ချ်တို့ တောက်ပခဲ့ပြီး အန်ကွန်ကူက ချဲလ်ဆီး အတွက် အဖွင့်ဂိုး သွင်းပေးထားပါတယ်။

အဖွင့် ခြေစမ်းပွဲ ဖြစ်တာမို့ အများကြီး မျှော်မှန်းထားလို့ မရပေမယ့် ဒုတိယပိုင်းမှာ တသင်းလုံး လူစားလဲလိုက်တာတောင် ချဲလ်ဆီးရဲ့ ကစားပုံက ပိုချာသွားခဲ့ပါတယ်။

အဲဒီနောက် လိဂ်ဝမ်း တန်းတက် ရက်စ်ဟမ်းကို အရှက်ရဖွယ် ဂိုး၂ဂိုး ခွင့်ပြုခဲ့ရကာ၊ အူဂိုချူကူက ချေပဂိုး ပြန်ယူပေးခဲ့လို့၊ မာရက်စ်ကာ တယောက် အဖွင့် ခြေစမ်းပွဲကို အရှုံးနဲ့ မစတင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်မှာ ဆဲလ်တစ်၊ ကလပ် အမေရိက၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ပါ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးရဲ့ ခြေစမ်းပွဲအတွင်း မမျှော်လင့်ထားတဲ့ အစဖြစ်ခဲ့ပါတယ်။