
ချဲလ်ဆီး အသင်းဟာ မကြာခင်မှာ စတင်တော့မယ့် အမေရိကန် ရာသီကြို ခရီးစဉ်မှာ လိုက်ပါမယ့် ကစားသမား ၂၈ယောက် စာရင်းကို ယနေ့မနက်ကပဲ တရားဝင် ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
ဒီခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမား တချို့လည်း ရှိခဲ့ပြီး ထိုအထဲမှာ ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ထားတဲ့ ခံစစ်မှူး ထရက်ဗာ ချာလိုဘာက ထိပ်ဆုံးက ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီး ပထမ အသင်းရဲ့ ကစားသမားစာရင်းထဲက ချန်လှပ်ခံခဲ့ရသူတွေထဲမှာ ၎င်းနဲ့ ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ်တို့သာ ရှိပါတယ်။ ၎င်းဟာ အသေးစား ဒဏ်ရာ တခုကြောင့် ဒီခရီးစဉ်ကို လိုက်မပါနိုင်ဘူးလို့သာ သိထားရပါတယ် ။
ကော့ဘ်ဟမ်း အကယ်ဒမီထွက် ဖြစ်တဲ့ ချာလိုဘာကတော့ အခုလို ရာသီကြို ခရီးစဉ်ကနေ တရားဝင် ချန်လှပ်ခံခဲ့ရတာကြောင့် ဒီနွေတတွင်းမှာ အသင်းပြောင်းဖို့ အလားအလာ အရမ်းများသွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဖက်က ၎င်းအတွက် ပေါင် ၂၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမယ့် အသင်းတွေကို လမ်းဖွင့်ပေးပါတယ်။
တဖက်မှာ ဒီနွေရာသီ အတွင်းမှာမှ အက်စ်တွန် ဗီလာကနေ ပေါင် ၁၉သန်းနဲ့ ခေါ်ယူထားတဲ့ ဆယ်ကျော်သက် အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှူး အိုမာရီ ကယ်လီမန်းဟာလည်း ဒဏ်ရာကြောင့် ထိုခရီးစဉ်ကို လိုက်မပါနိုင်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အခြားသော ကစားသမား ၅ဦး ဖြစ်တဲ့ ဒေးဗစ် ဝါရှင်တန် ၊ ချက်ဆာရေး ကာဆာဒေး ၊ ဒေးဗစ် ဒတ်ထရို ဖိုဖာနာ ၊ ဘတ်ရှီယာ ဟမ်းဖရေးစ်နဲ့ အယ်ဖီ ဂီးလ်ခရစ်တို့လည်း အမေရိကန် ခရီးစဉ် အတွက် အပြီးသတ် ကစားသမားစာရင်းက ချန်လှပ်ခံခဲ့ရတာကြောင့် အနိမ့်ဆုံး ဒီနွေတတွင်းမှာ အငှားချခံရဖို့ အခွင့်အလမ်း အလွန်များလာပါတယ်။
ချဲလ်ဆီးရဲ့ အမေရိကန် ခရီးစဉ် လိုက်ပါမယ့် ကစားသမားစာရင်း
ဂိုးသမားများ – ရောဘတ် ဆန်းချက်ဇ် ၊ မားကပ်စ် ဘတ်တင်နယ်လီ ၊ အက်ဒီ ဘရိချ် ၊ လူးကပ်စ် ဘာ့ဂ်စတွန်း
နောက်ခံလူများ – ဝက်စ်လေ ဖိုဖာနာ ၊ ရီနာတို ဗေဂါ ၊ လီဗိုင်း ကိုဝဲလ် ၊ အိတ်ဆဲလ် ဒီဆာဆီ ၊ တိုဆင် အဒါရာဘိုင်ယို ၊ ဂျော့ရှ်အာချမ်းပေါင်း ၊ ဘန်နွိုင်း ဘတ်ဒီယာရှီးလ် ၊ ရိစ်ဂျိမ်းစ် ၊ မာလို ဂတ်စ်တို ၊ ဘန်ချေဝဲလ် ။
ကွင်းလယ်လူများ – လက်စ်လေ အူဂိုချူကူ ၊ ရိုမီယို လာဗီယာ ၊ ကီနန် ဒယူးစ်ဘူရီဟော ၊ အန်ဒရေ ဆန်းတို့စ် ၊ ကာနီ ချူကွီမက်ကာ ။
တိုက်စစ် – ရာဟင်း စတာလင် ၊ တိုင်ရစ်ခ်ဂျော့ချ် ၊ မစ်ခ်ဟိုင်းလို မူဒရစ် ၊ အိန်ဂျယ်လို ဂါဘရီရယ် ၊ နွန်နီ မက်ဒူးကီ ၊ ခရစ်တိုဖာ အန်ကွန်ကူ ၊ မာ့ခ်ဂီယူ ၊ အာမန်ဒို ဘရိုဂျာ ၊ နီကိုးလက်စ် ဂျက်ဆင် ။
ဒီနွေမှာ ယူရိုနဲ့ ကိုပါအမေရိက ဆင်နွှဲထားတဲ့ ကိုးပါလ်မာ ၊ ကော်နာ ဂေါ်လဂါ ၊ မာ့ခ်ကူကူရယ်လာ ၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒို့ကတော့ နားရက်ကာလ ပြည့်မြောက်တာနဲ့ အမေရိကန်ခရီးစဉ်သို့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။