
ချဲလ်ဆီးအသင်း အနေနဲ့ ၎င်းတို့ ကစားသမားဟောင်း အန်ဂိုလို ကန်တေကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်းရဲ့ အပြောင်းအရွှေ့ကို လက်ဦးမှုရယူပြီး ပြင်သစ်ကွင်းလယ်ကစားသမားကို စတမ်းဖို့ဒ် ဘရစ်ချ် ပြန်ခေါ်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။
ဝက်စ်ဟမ်းဟာ ကန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်ကွင်းလယ် ကစားသမားဟာ ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့ရာသီကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-အစ်တီဟတ်မှာ ကစားခဲ့တာဖြစ်ပါတယ်။
ကန်တေဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် အနောက်လန်ဒန်မှာ အောင်မြင်မှု အများအပြား ပိုင်ဆိုင်နိုင်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်အတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဂန္တဝင် ဖရန့်ခ် လူးဘပ်ဖ်က ဝက်စ်ဟမ်းနဲ့ ကန်တေတို့ရဲ့ သတင်းတွေကြောင့် အံ့အားသင့်ခဲ့ရပြီး ဒီအပြောင်းအရွှေ့ကို လက်ဦးမှု ရယူဖို့အတွက် အသင်းဟောင်းကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
“ကျွန်တော် ဒီသတင်းကို မြင်တော့ ဘာဖြစ်တယ်။ ဘာကြောင့် ချဲလ်ဆီးက သူ့ကို ပြန် မခေါ်ရတာလဲ။ ဒီလူက ချဲလ်ဆီးကလေလို့ ပြောမိခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို ဝက်စ်ဟမ်းမှာ မမြင်ချင်ပါဘူး။ ဝက်စ်ဟမ်းသာ သူ့ကို ခေါ်နိုင်ခဲ့ရင် ဒါက အရမ်းကောင်းတဲ့ခေါ်ယူမှုဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလူက ယူရိုပြိုင်ပွဲမှာ သူက ထိပ်တန်းအဆင့်ခြေစွမ်းမှာ ရှိနေတုန်းပဲဆိုတာကို သက်သေပြသနိုင်ခဲ့လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းနည်းပြသစ် လော့ပတယ်ဂီက ကန်တေကို အလွန်နှစ်သက်သူလို့ လူသိများပြီး ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တုန်းကလည်း ပြင်သစ် ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြက ဝက်စ်ဟမ်းနည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အသက်ပြန်သွင်းခဲ့ပြီး ကန်တေဟာ အယ်လ်-အစ်တီဟတ်မှာ ပျော်နေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်မယ့်အခွင့်အရေးကို လက်ခံသွားချင်နေတယ်လို့ သိရပါတယ်။