
လက်ရှိ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ကစားနေတဲ့ ချယ်ဆီး နာမည်ကျော် ကွင်းလယ်လူဟောင်း ကန်တေကို ဝက်စ်ဟမ်းအသင်း က အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အပြောင်းအရွှေ့ကိစ္စအတွက် နှစ်ဖက်အသင်းကြား ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး မကြာခင် အထမြောက်လာဖွယ်လည်း ရှိတယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြခဲ့ပါတယ်။
ကန်တေဟာ အယ်လ်အစ်တီဟတ်အသင်းမှာ အဆင်ပြေနေပြီး ဆော်ဒီမှာ ပျော်ရွှင်နေပြီဖြစ်ပေမဲ့ ပရီးယားလိဂ်ကို ပြန်ဖို့ စိတ်ဝင်စားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီဝက်က မန်စီးတီးကွင်းလယ်လူ ကယ်လ်ဗင်ဖိလစ်ကို အငှားနဲ့ခေါ်ယူခဲ့ပေမဲ့ ကယ်လ်ဗင်ဖိလစ်ဟာ ခြေစွမ်းမပြနိုင်တာကြောင့် အပြီးသတ်စာချုပ်မှာ မဟုတ်ဘဲ အခုအပြောင်းအရွှေ့ဈေးကွက်အတွင်း ကွင်းလယ်လူသစ်တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကန်တေကို ခေါ်ယူမယ်ဆိုရင် ဝက်စ်ဟမ်းအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင် အသုံးပြုရဖို့ရှိတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြသစ် လိုပက်တယ်ဟီဟာ ကန်တေကို အရင်ကတည်းက ခေါ်ယူချင်တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ အပြောင်းအရွှေ့ဖြစ်မြောက်လာအောင် အားစိုက်ကြိုးပမ်းဖို့ရှိပါတယ်။
လိုပက်တယ်ဟီဟာ ရီးယဲလ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ချိန်တုန်းက ကန်တေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သူ ကန်တေဟာ ပြီးခဲ့တဲ့နှစ်၊ နွေရာသီက ၇ နှစ်ကြာကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီး ဆော်ဒီထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ပေါင် ၁၇၂ သန်း တန်ကြေးရှိတဲ့ ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကစားသမားဘဝမှာ ကန်တေဟာ လက်စတာအသင်းနဲ့အတူ သမိုင်းဝင်အောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူခဲ့သလို ချယ်ဆီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွန်တေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် တစ်ကျော့ပြန်ရွေးချယ်ခံရပြီး ပြင်သစ် အသင်းဟာ ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပေမဲ့ ပြိုင်ပွဲတစ်လျှောက်မှာ ကန်တေက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။