
အန်ဇို ဖာနန်ဒက်စ် ကို ချဲလ်ဆီး ကစားသမား ၃ ယောက်ကတော့ Unfollow လုပ်သွားခဲ့ပါပြီ၊ ဒီကိစ္စက ကျယ်ပြန့်လာတာကြောင့် ချဲလ်ဆီး ကလည်း ဒီကိစ္စကို စုံစမ်းမှု ပြုလုပ်တော့မှာပါ။
အန်ဇို ဖာနန်ဒက်စ် နဲ့ အာဂျင်တီးနား ကစားသမားတွေရဲ့ သီချင်း ပြဿနာက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။
ပူပူနွေးနွေး ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနား အသင်းသားတွေဟာ ဖလားအောင်ပွဲခံ အခမ်းအနား ကျင်းပချိန်မှာ ပြင်သစ် လက်ရွေးစင် အသင်းအပေါ် လှောင်ပြောင်တဲ့ စာသားတွေကို ထည့်သွင်း သီဆိုခဲ့ကြပါတယ်။
ပြင်သစ် အသင်းမှာ နိုင်ငံရွှေ့ပြောင်း အခြေချနေထိုင်တဲ့ ကစားသမားတွေ အများအပြား ပါဝင်နေမှု ကို သီချင်းလုပ်ပြီး သီဆိုခဲ့ကြတာဖြစ်ကာ အဆိုပါအထဲမှာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် လည်း ပါဝင်ခဲ့ ပါတယ်။
အဆိုပါ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အလျှင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ဟာ အဆိုပါ သီချင်းကို “လက်ခံနိုင်စရာ မရှိတဲ့ ခွဲခြားမှု” အဖြစ် ရှုံ့ချမှု ပြုလုပ်ခဲ့ပါတယ်။
အန်ဇို ဖာနန်ဒက်စ် ရဲ့ ချဲလ်ဆီး အသင်းဖော် ဝီစလေ ဖိုဖာနာ ဟာလည်း “၂၀၂၄ မှာ ဘောလုံးဆိုတာ နေထိုင်ဖို့ မသင့်တော်တဲ့ ခွဲခြားမှု” လို့ ဆိုရှယ်မီဒီယာထက်မှာ ရေးသားခဲ့ပြီး အန်ဇို ကိုလည်း Unfollow ပြုလုပ်သွားခဲ့ ပါတယ်။
ချဲလ်ဆီး အသင်းမှာ ပြင်သစ် ကစားသမားတွေ အများအပြား ရှိနေကြပြီး သူတို့တွေဟာလည်း အန်ဇို နဲ့ အာဂျင်တီးနား အသင်းသားတွေရဲ့ လုပ်ရပ်အပေါ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။
အာဂျင်တီးနား ကစားသမားတွေရဲ့ သီဆိုမှု ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
“နားထောင်ကြ ၊ ကမ္ဘာကြီးဆီ ပြန့်နှံ့ကြ .. သူတို့က ပြင်သစ်မှာ ကစားတယ် ၊ ဒါပေမယ့် အန် ဂို လာမှာ မွေးကြတာ
ဘယ်လောက်မိုက်တဲ့ကိစ္စလဲ ၊ သူတို့တွေ ပြေးလွှားကြတော့မယ်။ သူတို့က မ-အ-လ ဘာပေ လိုမျိုး ရွှေ့ပြောင်းကောင်တွေ .. သူတို့ အမေက နိုက်ဂျီးရီးယား၊ သူတို့ အဖေ က ကင်မရွန်း၊ ဒါပေမယ့် မှတ်တမ်း နဲ့ နိုင်ငံအသင်းကျတော့ ပြင်သစ်တဲ့လား”
အန်ဇို ကတော့ အဆိုပါ ကိစ္စ အတွက် ပြန်လည် တောင်းပန်ခဲ့ပြီး သူတို့ရဲ့ စကားကျွံမှုဟာ ဆင်ခြေပေးလို့ မရတဲ့ ပြစ်မှု ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။
လက်ရှိမှာတော့ ချဲလ်ဆီး အသင်းဟာလည်း အဆိုပါ ကိစ္စ အပေါ် စုံစမ်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။