ဆော်ဒီဘက်က ကမ်းလှမ်းမှုကောင်း ရှိပေမယ့် လက်မခံချင်တဲ့ ချယ်ဆီး ဂိုးသမား ကီပါ ဘာကို စောင့်မျှော်နေသလဲ ဖော်ထုတ်

ချယ်ဆီးအသင်း ဂိုးသမား အဖြစ် ရှိနေသေးတဲ့ ကီပါ အာရီဇာဘယ်လာဂါက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ မက်မောလောက်စရာ ကမ်းလှမ်းထားမှုကို စိတ်ဝင်စားခြင်း မရှိပဲ ရီးရဲလ်မက်ဒရစ်အသင်းဆီကိုသာ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိဖို့အတွက်ကိုပဲ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အသက် (၂၉)နှစ်အရွယ် စပိန် ဂိုးသမား ကီပါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်ဆီးကနေ ရီးရဲလ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀)ထိ ပါဝင်ကစားပေးခဲ့ရင်း ချန်ပီယံလိဂ်ဖလား လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိ ဘောလုံးလောကရဲ့ ဂိုးသမားတွေအားလုံးထဲမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ဂိုးသမားဖြစ်တဲ့ ကီပါဟာ သူရဲ့လက်ရှိကလပ် ချယ်ဆီးမှာ အနာဂတ် အခြေအနေကောင်းတွေ မရှိတော့ပဲ ဒီနွေမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားရနိုင်တဲ့ အနေအထားမှာ ရှိနေရပါတယ်။

ဒီအခြေအနေကို ဆော်ဒီထိပ်သီးလိဂ် အယ်လ်အစ်တီဟတ်အသင်းက စောင့်ကြည့်လျက် ရှိနေပြီး ချယ်ဆီးဘက်က ကီပါကိုသာ ရောင်းချလာမယ်ဆိုရင် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး ကီပါအတွက် မက်မောလောက်စရာ လုပ်ခလစာမျိုးတွေနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားသလို ကမ်းလှမ်းမှုလည်း လုပ်ဆောင်ထားခဲ့ပါသေးတယ်။

ဒါပေမယ့် ကီပါဘက်ကတော့ ဒီကမ်းလှမ်းမှုကို လက်ခံသွားဖို့ စိတ်မဝင်စားတဲ့အပြင် ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်သွားမှာ မဟုတ်ပဲ ရီးရဲလ်အသင်းဘက်ကနေ သူ့အတွက် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုကိုသာ စောင့်ဆိုင်းလျက် ရှိနေတယ်လို့ စပိန် မာကာ သတင်း ကနေ ဖော်ပြထားခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ် အနေနဲ့ကလည်း ယူကရိန်း ဂိုးသမား အန်ဒရေ လူနင်ကို အသင်းကနေ ရောင်းထုတ်သွားမယ်ဆိုရင် ကီပါကို အပြီးသတ် ခေါ်ယူဖို့ ပြန်လည် စီစဉ်လာမှာဖြစ်ပြီး ကီပါကလည်း ရီးရဲလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ရမယ်ဆိုရင် သူရဲ့ လုပ်ခလစာကိုလည်း လျှော့ယူသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ကီပါဟာ လက်ရှိမှာတော့ ချယ်ဆီးအသင်းထံ ပြန်ရောက်နေပြီး ထရိန်နင်မှာ သီးသန့် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။