နောက်ခံလူ ဘန်ချေးဝဲလ် ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ချယ်ဆီးအသင်းရဲ့ အသင်းကြီး ပြိုင်ဘက်

ဒီနွေမှာ ချယ်ဆီး နောက်ခံလူ ဘန်ချေးဝဲလ် ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းက စီစဉ်နေပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဘယ်နောက်ခံလူ အသစ် ခေါ်ယူဖို့ ရည်ရွယ်နေတာပါ။

ပြီးခဲ့တဲ့ ရာသီက လုခ်ရှောနဲ့ မာလာစီယာ တို့ နှစ်ဦးလုံး ပွဲစဉ် တော်တော်များများ ဒဏ်ရာကြောင့် မပါဝင်နိုင်တည်းက လူသစ်ခေါ်ဖို့ ယူနိုက်တက်က ရည်မှန်းထားခဲ့ပြီး ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ချယ်ဆီး နောက်ခံလူ ဘန်ချေးဝဲလ် ပါဝင်နေပြီး ဒါဟာ ရှောကို ပိုမို ပြိုင်ဆိုင်စေဖို့လည်း လှုံ့ဆော်နိုင်မယ်လို့ အသင်း တာဝန်ရှိသူတွေက ယုံကြည်နေတာပါ။

ချယ်ဆီးဘက်ကလည်း အင်္ဂလန်သား နောက်ခံလူ ကို ရောင်းချဖို့ စီစဉ်နေပါတယ်။ ချယ်ဆီးမှာလည်း ကူကူရယ်လာနဲ့ ပြိုင်ဆိုင်နိုင်မယ့် နောက်ခံလူသစ် ခေါ်ယူပြီး ချေးဝဲလ်ကို ရောင်းထုတ်ချင်နေတာပါ။

သရဲနီတွေဟာ ဒီတလောနှစ်တွေမှာ ချယ်ဆီးနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားပြီး ပြီးခဲ့တဲ့ နွေတုန်းကလည်း မေဆန်မောင့်ကို ချယ်ဆီးထံကနေ ဝယ်ယူထားတာ ဖြစ်ပါတယ်။

ဘန်ချေးဝဲလ်ကလည်း ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြသနာတွေကြောင့် ချယ်ဆီးအတွက် ၂၁ ပွဲသာ ပါဝင် ကစားနိုင်ထားပါတယ်။