ချယ်ဆီးကို ဘယ်လို အသင်းမျိုး ဖြစ်လာအောင် ပြောင်းလဲ ပုံဖော်သွားမလဲ ဦးဆုံး အင်တာဗျူးမှာ ပြောဆိုလာတဲ့ နည်းပြသစ် မာရက်စ်ကာ

ချယ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက် လက်စတာကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တွန်းတင်ပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဇို မာရက်စ်ကာနဲ့ ရာသီသစ် အတွက် လက်တွဲခဲ့ပါတယ်။

ချယ်ဆီး နည်းပြသစ် မာရက်စ်ကာက ချယ်ဆီးအသင်းကို ဘယ်လို အသင်းမျိုး ဖြစ်လာအောင် ပြောင်းလဲ သွားမယ် ဆိုတာကို ဦးဆုံး အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး နည်းပြသစ် မာရက်စ်ကာက “ကျွန်တော် အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ဒါက အံ့သြစရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာမှာ သေချာနေပြီး ဖြစ်နိုင်သမျှ ကစားသမားတွေနဲ့ အမြန်ဆုံး စတင်ဖို့အတွက်လည်း စိတ်လှုပ်ရှားနေရပါပြီ။

ကျွန်တော် ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဒီအသင်းရဲ့ ကစားသမား အစုအဖွဲ့ဟာ အရမ်းကောင်းမွန်ပြီး အားလုံးမှာလည်း အရည်အသွေးကောင်းတွေ ပြည့်ဝနေကြလို့ပါပဲ။”

“ကျွန်တော် အမြဲတမ်း ပြောသလို မင်းရဲ့ကစားသမားတွေကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် မင်းအသင်းကလည်း တိုးတက်လာနိုင်မှာပါ။ ဒါကြောင့် သူတို့အားလုံးကို တစ်နေ့ပြီးတစ်နေ့ တိုးတက်လာအောင် ကြိုးစားပေးဖို့က ကျွန်တော်ရဲ့ ရည်မှန်းချက်ပါပဲ။

ကျွန်တော်တို့က ဘောလုံးရှိချိန်မှာရော၊ ဘောလုံးမရှိတဲ့အချိန်မှာပါ aggressive team ဖြစ်နေဖို့ ကြိုးစားသွားမှာ ဖြစ်ပြီးတော့ အထူးသဖြင့် အိမ်ကွင်းပွဲတွေမှာ ပရိသတ်တွေနဲ့ ကလပ်အသင်းတို့ကြား ဆက်သွယ်မှု ဖန်တီးရန်လည်း လိုအပ်ပါတယ်။”

“အသင်းရဲ့နောက်မှာ အသင်းကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေတဲ့အခါ ဒါက ကစားသမား (၁၂)ယောက်နဲ့ ကစားနေရသလို ခံစားမိရမှာပါ။ ဒါကို ကျွန်တော်တို့ ဖန်တီးသွားရပါမယ်။

ကလပ်တိုင်းလိုလို နည်းပြတိုင်းလိုလိုအတွက်ကတော့ ဘယ်အရာကမှ မလွယ်ကူတဲ့အတွက် ကျွန်တော်တို့လည်း လွယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို ပျော်ပျော်ကြီး သွားဖို့အတွက် သေချာနေပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီတလီလူမျိုး ဘောလုံးနည်းပြတွေနဲ့ဆို အကျိုးပေးတက်တဲ့ ချယ်ဆီးဟာ အခုလည်း အသက် (၄၄)နှစ်အရွယ် အီတလီ ဘောလုံးသမားဟောင်းကြီး အောင်မြင်မှုတွေ ရယူနိုင်မလား စောင့်ကြည့် ရင်ခုန်စရာ ဖြစ်ပါတယ်။