ဒီနွေမှာ ချယ်ဆီး ပစ်မှတ်ထဲ ပါဝင်တဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်သမား မိုက်ကယ် အိုလစ် ဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆ဝ နဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အိုလစ် ကို ဒီနွေမှာ ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်တို့လို ပရီးမီးယားလိဂ် အသင်းကောင်းတွေက စိတ်ဝင်စား ချိတ်ဆက်ခဲ့ကြပေမယ့် ကစားသမားကတော့ ဘွန်ဒစ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးချယ်ခဲ့တာပါ။
ချယ်ဆီးအသင်းဆိုရင် ပြီးခဲ့တဲ့ နွေတည်းက အိုလစ် ကို ခေါ်ယူနိုင်ပြီလို့ ထင်ခဲ့ရသေးပြီး ကစားသမားက ပဲလေ့စ်နဲ့ သက်တမ်းတိုးသွားခဲ့တာပါ။ စာချုပ်သစ်မှာက စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေပြီး ဘိုင်ယန်က ပြီးခဲ့တဲ့လက အသက်သွင်းကာ ပြင်သစ်သားကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ်အိုလစ် ရဲ့ အိပ်မက်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ဖြစ်ပြီး ဘိုင်ယန်နဲ့ အပြိုင် ကမ်းလှမ်းဖို့ ကြိုးစားတဲ့ ကလပ်တွေ က ဒီအခွင့်အရေးကို မပေးနိုင်ခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက်ရော ချယ်ဆီးအသင်းပါ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရမထားတဲ့ အသင်းတွေ ဖြစ်နေပါတယ်။
ဘိုင်ယန်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုပြီး မိတ်ဆက်တဲ့ အခမ်းအနားမှာ အိုလစ် က ” ဘိုင်ယန်နဲ့ ဆွေးနွေးခဲ့ရာမှာ အတော် အကောင်းမြင်စရာတွေချည်းပဲ။ ဒီလို ကလပ်အသင်းကြီးနဲ့ လက်တွဲခွင့် ရတာ ကျွန်တော် သိပ်ကို ပျော်ပါတယ်။
ဒါက စိန်ခေါ်မှုကောင်း ဖြစ်သလို ကျွန်တော် လုံးဝ ရှာဖွေနေတဲ့ ပုံစံပါပဲ။ ဒီလို လယ်ဗယ် အဆင့်မှာ ကျွန်တော်က ကိုယ့် အစွမ်းအစ ကိုယ် သက်သေပြချင်တာပါ။ ဒီအသင်းနဲ့ အတူ လာမယ့် နှစ်တွေ အတွင်း ဆုဖလားတွေ ရနိုင်သမျှ များများ ရယူသွားမှာပါ။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အိုလစ် ဟာ ရက်ဒင်းကနေ ပဲလေ့စ် အသင်းထံ ပေါင် ၉ သန်း နဲ့သာ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသက် ၂၂ နှစ်သား ဟာ ဒဏ်ရာ ပြသနာတွေကြားကပဲ ပြီးခဲ့တဲ့ ရာသီ ၁ဝ ဂိုးသွင်း ၆ဂိုး ထောက်ပံ့မှု လုပ်ခဲ့ပါတယ်။