ချယ်ဆီး ဂန္တဝင်ကြီးကို အင်္ဂလန်အသင်း နည်းပြ ဖြစ်စေချင်နေတဲ့ လိုင်နီကာနဲ့ မီကာ ရစ်ချက်

အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီး ရာထူးကနေ ထွက်ခွာဖို့ အတော်လေး အလားအလာ များနေပြီး ၎င်းနေရာကို ဘယ်သူနဲ့ အစားထိုးသင့်လဲ ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကတော့ သူ့အနေနဲ့ ချယ်ဆီး ဂန္တဝင်ကြီး လမ်းပတ်ကို အင်္ဂလန် လက်ရွေးစင် နည်းပြသစ် ဆန်ခါတင် စာရင်းမှာ ထည့်သွင်းစဉ်းစားစေချင်ကြောင်း အခုလို တိုက်တွန်းလိုက်ပါတယ်။

လိုင်နီကာ က ” ဒါဟာ ဂါရတ် ဆောက်ဂိတ်ရဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဖရန့် လမ်းပတ်ကို အင်္ဂလန် နည်းပြသစ် ဆန်ခါတင် စာရင်းကနေ ဖယ်မထုတ်စေချင်ပါဘူး။ နည်းစနစ်ပိုင်းအရ သူ အကျွမ်းတဝင် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားတွေဟာ သူ့ကိုဆို ချက်ချင်း လေးစားသမှု ထားမှာပါ။ ”

” ကျွန်တော် အခု ပြောနေတာက အရမ်း စောလွန်းနေနိုင်ပါတယ်။ ခင်ဗျားသာ အင်္ဂလိပ်လူမျိုး နည်းပြ တယောက်ကို ရှာဖွေခန့်အပ်မယ်ဆိုရင် ဘယ်သူများ ထပ်ရှိနိုင်မလဲ ? အက်ဒီဟောင်း ? သူရော ဖြစ်နိုင်မလား ? ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း လမ်းပတ် ဒါဘီ၊ ချဲလ်ဆီးနဲ့ အဲဗာတန် အသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က စွမ်းဆောင်ရည်ကောင်းတွေကို အခုလိုပဲ ချီးကျူးသွားပါတယ် ။

ရစ်ချတ် က ” သူ ဒါဘီကို ရောက်သွားတုန်းက သူ့ရဲ့ ဘောလုံး ကစားဟန်က အရမ်းကောင်းတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ် ။ သူတို့ အဲဒီတုန်းက ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့သင့်ပါတယ်။ ချယ်ဆီး အသင်း ကစားသမားသစ် ဝယ်ခွင့် အပိတ်ခံခဲ့ရတုန်းက သူဟာ အဆင့် ၄ နေရာကို စွမ်းဆောင်ပေးခဲ့ပါတယ်။ ”

” အကယ်ဒမီက လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ အေဘရာဟမ် ၊ မောင့် အစရှိသူတွေကို သူ မြေမြှောက်ပေးနိုင်ခဲ့ပါတယ် ။ နောက်တော့ သူ အဲဗာတန်ကို ရောက်သွားပြီး ၊ သူတို့ကို ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်စေဖို့ စွမ်းဆောင်ပေးခဲ့ပါတယ် ။ ”

” အဲဗာတန်မှာတော့ သူ့ရဲ့ ကစားပုံစတိုင်လ်က စွဲမက်စရာ မရှိခဲ့ပေမယ့် သူဟာ ကိုယ့်နားမှာ ရှိတာတွေနဲ့ပဲ အတတ်နိုင်ဆုံး အသုံးချခဲ့ရတာပါ ။ နောက်တော့ ချယ်ဆီးကို ခဏတာ သူ ပြန်ရောက်သွားခဲ့ပါတယ်။ အဲဒီ ကာလက သူ့ကို လူတွေ ဝေဖန်တာ အများဆုံး ဖြစ်ခဲ့ပါတယ် ။ ချယ်ဆီးမှာက ပရမ်းပတာ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ် ။