ချယ်ဆီး ရောင်းဖို့ ကြိုးစားနေတာက မကြာခင် ဥရောပ အကောင်းဆုံး ဖြစ်လာတော့မယ့် ကစားသမား လို့ သတိပေးလိုက်သူ

နည်းပြသစ် မာရက်စ်ကာ ကိုင်မယ့် ချယ်ဆီးအသင်း ဒီနွေမှာ ရောင်းချဖို့ ကြိုးစားနေတဲ့ ကစားသမားဟာ ဥရောပမှာ အကောင်းဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်လာမှာ လို့ သတိပေးမှု ရှိလာပါတယ်။

ဒီနွေမှာ လူသစ်တွေ ခေါ်ထားပြီ ဖြစ်သလို ကစားသမား ရောင်းချမှုတွေလည်း ဆက်တိုက် ပြုလုပ်ဖို့ စီစဉ်နေတဲ့ တော့ဒ်ဘိုလေနဲ့ ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ အသင်းမှာ မသုံးဖြစ်လှတဲ့ တိုက်စစ်မှုး ဘရိုဂျာ ကိုလည်း ရောင်းချဖို့ ကြိုးစားနေပါတယ်။

အယ်လ်ဘေးနီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူကတော့ အာမန်ဒို ဘရိုဂျာ ကို ရောင်းဖို့ ကြိုးစားနေတဲ့ ချယ်ဆီး လုပ်ရပ်က မှားယွင်းနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး လာမယ့် ရာသီ အနည်းငယ် အတွင်းမှာ ဘရိုဂျာက ဥရောပ အကောင်းဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်လာမယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

အသက် ၂၂ နှစ် အရွယ် အယ်လ်ဘေးနီးယား တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ကြံ့ခိုင်မှု မပြည့်လို့ ရုန်းကန်နေရပြီး ၃ ဂိုးသာ သွင်းထားခဲ့ပါတယ်။ ဒါကြောင့် ချယ်ဆီးက ဘရိုဂျာ ကို ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ ဒီနွေမှာ ရောင်းချဖို့ ကြိုးစားနေပါတယ်။

အယ်လ်ဘေးနီးယား FA အကြီးအကဲ အာမန်ဒူကာ က ” အာမန်ဒို ဟာ အယ်လ်ဘေးနီးယား ဘောလုံးလောကမှာတော့ တစ်နိုင်ငံလုံးထဲ အကောင်းဆုံးသော ပါရမီရှင် တစ်ဦး ဖြစ်ပါတယ်။

ကျွန်တော်က မီလန် ပရိသတ် ဖြစ်လို့ သူသာ မီလန်ပြောင်းမယ် ဆိုရင် ကျွန်တော်က အပျော်ပေါ် အပျော် ထပ်ဆင့်မှာပေါ့။ ဒီနွေမှာသာ အဲဒီ အပြောင်းအရွှေ့ ဖြစ်ရင် မီလန် အတွက် အကောင်းဆုံး အရွေ့ပါပဲ။

ဒီကောင်လေးက မယုံနိုင်စရာ ထူးချွန်မှုတွေ ရှိနေပြီး သူ့ရဲ့ အကောင်းဆုံး အနေအထားကို မပြသရသေးပါဘူး။ ကလပ် လယ်ဗယ် အဆင့်မှာ သူ ကောင်းကောင်း လုပ်ပြခွင့် လိုအပ်နေပါတယ်။ သူက ဥရောပ အကောင်းဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်လာမှာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ် အစောပိုင်း မှာလည်း ဘရိုဂျာ က စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ ပရီးမီးယားလိဂ် ကလပ်တွေထံကနေ ကမ်းလှမ်းမှုတွေ ရရှိထားကြောင်း အတည်ပြု ထားပါတယ်။