
ဖီနာဘာချီနည်းပြသစ် ဖြစ်လာတဲ့ ဟိုဆေးမော်ရင်ဟိုက သူ့ရဲ့နည်းပြဘဝမှာ တွေ့ကြုံခဲ့ရဖူးတဲ့ အတွေ့အကြုံတွေ ထုတ်ဖော် ပြောဆိုလာရာ ချယ်ဆီးမှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ် တစ်ခုကို ပြန်ပြောင်း ပြောလာပါတယ်။
မော်ရင်ဟိုက “ကျွန်တော် အကြိုက်ဆုံး အဝတ်လဲခန်းထဲက အဖြစ်အပျက်ကတော့ ချယ်ဆီးမှာဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် အနှိပ်ခံတဲ့စားပွဲကို ကန်ဖို့ကြိုးစားခဲ့ပေမယ့် အခြားတစ်ခုခုကို ကန်ခဲ့မိပြီး ခြေထောက် ကျိုးလုမတတ်ဖြစ်ခဲ့ရပါတယ်(ရယ်လျက်)”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုဟာ လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ဆန္ဒရှိခဲ့ပြီး မခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ပေါ်တူဂီသားက “ကျွန်တော်တစ်ခါမှ မခေါ်ယူနိုင်ခဲ့ပေမယ့် ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတစ်ယောက်ကတော့ မက်ဆီလို့ပြောရမှာပါပဲ။ သူ့ကို ဆရာလုပ်ဖို့က မဖြစ်နိုင်ပေမယ့် ကျွန်တော်တို့မျိုးဆက်မှာတော့ သူက အကောင်းဆုံးကစားသမားပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ရိုးမားအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကာလအတန်ကြာအသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာတော့ တူရကီကလပ် ဖီနာဘာချီနဲ့ စာချုပ် ချုပ်ဆိုထားတာကြောင့် ဘောလုံးအပေါ်မှာ ပြန်လည်အာရုံစိုက်သွားရတော့မှာ ဖြစ်ပါတယ်။