ချဲလ်ဆီး အသင်း လုပ်ရပ်က ရှက်စရာကြီးပဲ၊ မာရက်စ်ကာရေ ကြည့်ထိန်းပါဦး လို့ တိုက်တွန်း တောင်းဆိုလိုက်သူ

ချဲလ်ဆီးနဲ့ မန်စီးတီး နောက်ခံလူဟောင်း ဝိန်းဘရစ်ချ် က ကော်နာ ဂေါ်လဂါ ကို ရောင်းထုတ်ဖို့ အတင်း ကြိုးစားနေတဲ့ ချဲလ်ဆီး အသင်း လုပ်ရပ် အပေါ် ရှက်စရာပဲ လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

အသက် ၂၄နှစ် အရွယ်ရှိ ဂေါ်လဂါဟာ ပြီးခဲ့တဲ့ ရာသီ ကအသင်းခေါင်းဆောင် အဖြစ် ပွဲများစွာ တာဝန်ယူ ကစားပေးခဲ့ကာ အမြဲတမ်း အသင်း အတွက် ရာနှုန်းပြည့် ကြိုးစား အားထုတ် ကစားပေးတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေပါတယ်။

ဝိန်းဘရစ်ချ်က ” ချဲလ်ဆီးဟာ အချိန်တိုင်းမှာ ကျွန်တော့ကို အံ့အားသင့်အောင် လုပ်ပြနေတာပါပဲ။ ကော်နာ ဂေါ်လဂါ အရောင်းစာရင်းထဲမှာ ပါနေတယ် ဆိုကတည်းက ဒါက နည်းနည်းတော့ ရှက်စရာကောင်းတဲ့ အနေအထား ဖြစ်နေပါပြီ။ “

” သူဟာ ကိုးလ်ပါလ်မာပြီးရင် သူတို့ရဲ့ ဒုတိယ အကောင်းဆုံး ကစားသမား ဖြစ်လောက်ပါတယ်။ ဒီသတင်းက အပြောင်းအရွှေ့ ဈေးကွက်ထဲ အတော်လေး အုတ်အော်သောင်းနင်းပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝိန်းဘရစ်ချ်က ဂေါ်လဂါကို ထုတ်မရောင်းခင် အရင်ဆုံး အတူ အလုပ်လုပ်ကြည့်ဖို့ မာရက်စ်ကာထံ အခုလိုပဲ အကြံပြုသွားပါတယ်။

ဘရစ်ချ် က ” သူဟာ ဆုံးဖြတ်ချက် တခုခု မချခင် ကစားသမားတိုင်းကို ရာသီကြို ပြင်ဆင်မှုမှာ ထဲထဲဝင်ဝင် စောင့်ကြည့် လေ့လာ ဆန်းစစ်ဖို့ လိုပါမယ်။ ဘာတွေ ဖြစ်နေလဲ ဆိုတာ တိတိကျကျ မသိရသေးသ၍ ခင်ဗျားဟာ ဆုံးဖြတ်ချက် တခုကို ခပ်မြန်မြန် ချပစ်လိုက်လို့ ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ “

” ကစားတာ သေသေချာချာ မမြင်ရသေးသ၍ သူ့အနေနဲ့ ဆုံးဖြတ်ချက် ချဖို့ မရေမရာ ဖြစ်လောက်မယ့် ကစားသမား အနည်းငယ် ရှိနိုင်ပါတယ်။ တခါတလေမှာ မန်နေဂျာ တယောက် အနေနဲ့ ခင်ဗျားဟာ ကစားသမားတွေကို တပတ်ပြီး တပတ် မြင်တွေ့နိုင်ပေမယ့် တကယ်တမ်း သူတို့နဲ့ အလုပ်လုပ်ကြည့်မှသာ သူတို့ဟာ ခင်ဗျား ထင်သလို မဟုတ်ဘူး ဆိုတာ သတိထားမိပါလိမ့်မယ်။ ” လို့ ပြောကြားခဲ့ပါတယ်။