သူ့ နည်းပြ ဘဝ အမှားယွင်းဆုံး ဆုံးဖြတ်ချက်ကတော့ ချယ်ဆီးနဲ့ .. ဆိုတဲ့ နည်းပြ ဆာရီရဲ့ ဝန်ခံချက်

အီတလီသား ဝါရင့် ဘောလုံးနည်းပြကြီး မော်ရီဇီယို ဆာရီက သူ့အနေနဲ့ ချယ်ဆီးအသင်းကနေ ထွက်ခွာခဲ့ခြင်းဟာ သူရဲ့ နည်းပြဘဝအတွင်း အကြီးမားဆုံးသော အမှားအယွင်း တစ်ခုကို လုပ်ဆောင်မိခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုသွားလိုက်ပါတယ်။

လက်ရှိမှာ အသက် (၆၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နည်းပြကြီး ဆာရီဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာပဲ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး တစ်ရာသီတည်းသာ ချယ်ဆီးကို ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဆာရီက ချယ်လ်ဆီးကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ရင်း ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို လိဂ်ဖလားမှာလည်း ဖိုင်နယ်ထိ ပို့ဆောင်ပေးခဲ့ပါတယ်။

သူ့အသင်းဟောင်း ချယ်ဆီးနဲ့ ပတ်သက်ပြီး ဆာရီက “ချယ်ဆီးအသင်းကို စွန့်ခွာသွားမိခဲ့တာဟာ ကျွန်တော်ရဲ့ အကြီးမား အမှားအယွင်းပါပဲ။ ဒီမှာဆက်နေဖို့နဲ့ ချယ်ဆီးနည်းပြအဖြစ် ဆက်သွားဖို့အတွက် အခြေခံကောင်းတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒီလို အချိန်မှာပဲ ကျွန်တော်က ကြီးမားတဲ့ အမှားတစ်ခုကို လုပ်ဆောင်မိခဲ့တယ်။”

“အဲ့ဒီရာသီမှာ ကျွန်တော်တို့တွေ ယူရိုပါလိဂ်ဖလားကို ရယူခဲ့ပြီး အသင်းရဲ့ ပရောဂျက်ကလည်း အရမ်းကို ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အီတလီကို ပြန်သွားချင်နေခဲ့တယ်။ ကံမကောင်းဘူးလို့ပဲ ပြောရမယ်။” လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဆာရီက သူရဲ့ချယ်ဆီးနည်းပြဘဝ ပွဲဦးထွက်ရာသီမှာပဲ ယူရိုပါလိဂ်ဖလား ဆွတ်ခူးအောင် လုပ်ဆောင်ပေးခဲ့တဲ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၃)နေရာ ရပ်တည်နိုင်အောင်ပါ စွမ်းဆောင်ခဲ့ရင်း ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးခဲ့ပါတယ်။

ဒါပေမယ့် နည်းပြဆာရီက အဲ့ဒီရာသီအကုန်မှာပဲ ချယ်ဆီးနဲ့ လက်တွဲဖြုတ်လိုက်ပြီး ဂျုဗင်တပ်စ်အသင်းနဲ့ ချက်ချင်း စာချုပ် ချုပ်ဆိုကာ အီတလီမြေဆီ ပြန်သွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်မှာလည်း တစ်ရာသီသာ ကိုင်တွယ်ခဲ့ရပြီး အဲ့ဒီနောက် လာဇီယိုနည်းပြ ဖြစ်လာခဲ့တဲ့ ဆာရီဟာ အခုတော့ အသင်းလက်မဲ့ ဖြစ်နေရပြန်ပါတယ်။