မန်ယူနဲ့ နယူးကာဆယ်ကို ငြင်းပြီး ချဲလ်ဆီးကို ဘာကြောင့်ရွေးချယ်ရလဲ ထုတ်ဖော် ပြောလာတဲ့ တိုဆင်

ချဲလ်ဆီးအသင်းဟာ ဖူလ်ဟမ်နောက်ခံလူ တိုဆင် အဒါရာဘီအိုယို ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါနောက်ခံလူကို ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားခဲ့ကြပေမယ့် ချဲလ်ဆီးက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ သီယာဂိုဆေးလ်ဗား ထွက်ခွာသွားမှုကြောင့် နောက်ခံလူသစ်တစ်ဦးရှာဖွေခဲ့ရတာဖြစ်ပြီး တိုဆင်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကလည်း အခုနွေရာသီမှာ ဗာရာနီထွက်ခွာမှာဖြစ်တာကြောင့် ချဲလ်ဆီးနည်းတူ နောက်ခံလူ လိုအပ်ချက်ရှိနေတဲ့အနေအထားမှာ အဒါရာဘိုင်ယိုကို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ပြီး အသက် ၂၆ နှစ်သားကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အင်တာဗျူးမှာ တိုဆင် အဒါရာဘီအိုယို က “ကျွန်တော်က ချဲလ်ဆီးကိုကြည့်ပြီး ကြီးပြင်းလာခဲ့ရတဲ့ ကစားသမားတစ်ဦးပါ။ သူတို့မှာ ထိပ်တန်းကစားသမားကောင်းတွေရှိခဲ့ပါတယ်။ ပြီးတော့ အောင်မြင်မှုတွေလည်းရယူထားနိုင်ခဲ့ပါတယ်။ ကျွန်တော်ဒီကိုအနိုင်ရချင်လို့ပြောင်းလာခဲ့တာပါ။

ကျွန်တော် အနိုင်ရချင်ပါတယ်။ အဲ့ဒါက ရိုးရှင်းပါတယ်။ ကျွန်တော် အလုပ်ဆက်ကြိုးစားပြီး အသင်းနဲ့အတူ အောင်မြင်ချင်ပါတယ်။ ဒီအသင်းမှာပါဝင်ခွင့်ရဖို့လည်း စိတ်လှုပ်ရှားနေပါပြီ။

ချဲလ်ဆီးကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲဆိုတော့ စတာလင် ၊ ကာဘယ်လီယိုတို့နဲ့ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက်လက်တွဲခဲ့ဖူးပါတယ်။ ပယ်လ်မာနဲ့လည်း လူငယ်အသင်းမှာဆုံဖူးပါတယ်။ ကျွန်တော်မပြောင်းခင်မှာ စတာလင် နဲ့ ပယ်လ်မာတို့ရဲ့ခေါ်ယူမှုရခဲ့ပါတယ်။

ဒီအသင်းရဲ့ပရောဂျက်ကလည်း ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့တာကြောင့် ဒီကိုပြောင်းလာခဲ့ရတာပါ။ ကိုးလ်က ကျွန်တော့်ငယ်ပေမယ့် သူ့ကိုလူငယ်ဘဝမှာကတည်းက သိခဲ့တာပါ။ အခြားကောင်လေးတွေဖြစ်တဲ့ ဘန်ချီဝဲလ် ၊ ချာလီဘတ် ၊ ဘရိုဂျာတို့နဲ့လည်း သိပါတယ်”လို့ တိုဆင်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ နောက်တန်းနေရာအပြင် အခြားနေရာတွေကိုလည်း အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးနောက်တန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၆၃ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး တိုဆင်ရောက်လာတာက အသင်းနောက်တန်းအတွက် ပိုပြီးအင်အားတောင့်တင်းသွားဖွယ်ရှိနေပါတယ်။