မာရက်စ်ကာ ခေတ်၊ ချဲလ်ဆီးအသင်းရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာတဲ့ အဒါရာဘီအိုယို ဆိုတာ ..

ချဲလ်ဆီးအသင်းဟာ နည်းပြသစ် မာရက်စ်ကာ လက်ထက် ပထမဆုံး ခေါ်ယူမှု အဖြစ် ဖူလ်ဟမ်နောက်ခံလူ တိုဆင် အဒါရာဘီအိုယို ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပါတယ်။

အဒါရာဘီအိုယို ဟာ ယခုလအကုန်တွင် ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမဲ့ သူဖြစ်ပြီး ချဲလ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာပါမယ်။ သူဟာ ဥရောပပွဲ ကစားခွင့်ရရှိလိုမှုနှင့်အတူ ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့်ရထားတဲ့ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး အဒါရာဘီအိုယို က မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှာ မန်ချက်စတာ စီးတီးကနေ ဖူလ်ဟမ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁.၆၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖူလ်ဟမ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

အဒါရာဘီအိုယို က ၄နှစ်တာ ကာလအတွင်းမှာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၁၃၂ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိခဲ့ပါတယ်။

အဒါရာဘီအိုယို က ပြိုင်ဘက်ရဲ့ တိုက်စစ်မှူးတွေကို လူကပ် ကစားရာမှာ ထူးချွန်သလို အမြင့်ဘော ရှင်းထုတ်မှုတွေလည်း ကောင်းပြီး သူက ဖူလ်ဟမ် ကစားသမားဘဝမှာ အဝါကတ် ၁၀ကတ်နဲ့ အနီကတ် ၁ကြိမ်သာ ပြသခံခဲ့ရပါတယ်။

သူ့ရဲ့ သေသပ်တဲ့ ခံစစ်ကစားဟန်ကြောင့်ပဲ ဖူလ်ဟမ်က အဒါရာဘီအိုယို ကို စာချုပ်သစ် ထပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဒါရာဘီအိုယောကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ဖူလ်ဟမ်ထက် တစ်ဆင့် ပိုမြင့်တဲ့ အသင်းတွေဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ဖူလ်ဟမ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အလွတ်နဲ့ ထွက်ခွာလာခဲ့တာပါ။