
ချဲလ်ဆီး အသင်းဟာ ဒီတပတ်ထဲမှာပဲ နည်းပြသစ် အဖြစ် အန်ဇို မာရက်စ်ကာကို ၅နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူခန့်အပ်ခဲ့ပါတယ်။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ ၃ဦးမြောက် တရားဝင် နည်းပြသစ် ခန့်အပ်မှုလည်း ဖြစ်ပါတယ်။
မာရက်စ်ကာဟာ ပြီးခဲ့တဲ့ ရာသီမှာ လက်စတာကို ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်စေခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံဟာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အချိန် ကာလ တခုမျှသာ ရှိပါတယ်။
ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကတော့ မာရက်စ်ကာရဲ့ အရည်အချင်းကို သူ့အနေနဲ့ ချက်ချင်း ဝေဖန်အကဲဖြတ်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟရင်း သုံးသပ်စကား ဆိုခဲ့ပါတယ်။
ဖာဘရီဂတ်စ် က ” ကျွန်တော် တွေးမိတာက သူ အလုပ် မလုပ်ရမချင်း သူ ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတာ မပြသနိုင်သေးခင်တော့ ခင်ဗျား ဘယ်တော့မှ မသိနိုင်သေးသလို ဘယ်ဆုံးဖြတ်ချက်ကိုမှ ဝေဖန်လို့ မရသေးပါဘူး။ ဇီဒန်း၊ ဂွာဒီယိုလာတို့ဟာလည်း ဘာအတွေ့အကြုံမှ မရှိပဲနဲ့ အောင်မြင်တဲ့ နည်းပြ ဘဝကို စတင်ခဲ့ကြတာပါ။ ”
” မာရက်စ်ကာ ဟာ အသင်းကောင်း တသင်းကို ကိုင်တွယ်ခွင့် ရပါလိမ့်မယ်။ သူဟာ ကြံ့ခိုင်မှုအရ အရမ်း အားကောင်းပြီး ၊ ဆာလောင်နေတဲ့ ကစားသမား အစုအဖွဲ့ကောင်းကို ကိုင်တွယ်ခွင့် ရပါလိမ့်မယ်။ ”
” သူ့အတွက် အချိန် လိုမယ်လို့ ကျွန်တော် ထင်တယ်။ သူဟာ အီတလီမှာ ပါးမား အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ နည်းပြ အလုပ် လုပ်ခဲ့ဖူူးပြီး မတူညီတဲ့ ဘောလုံး ကစားဟန်တွေ ပြသနိုင်ခဲ့ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ”
” ဒီတော့ ချဲလ်ဆီး ပိုင်ရှင်တွေ ဘာကို အမှန်တကယ် ရှာဖွေနေလဲ ဆိုတာ ခင်ဗျား မသိနိုင်ပါဘူး။ ဒါပေမယ့် သူဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ လူငယ် နည်းပြ တဦး ဆိုတာတော့ သေချာပါတယ်။ ” ” လို့ သုံးသပ်စကား ပြောကြားခဲ့ပါတယ်။