
ချဲလ်ဆီးရဲ့ ဘရာဇီး ဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ် သက်တမ်းပြည့်မြောက်တော့မှာ ဖြစ်ပြီး စာချုပ်သစ် ထပ်တိုးဖို့ အလားအလာ မရှိတော့တာမို့ လာမယ့် နွေရာသီမှာ ထွက်ခွာဖွယ် ရှိပါတယ်။
လက်ရှိ ချဲလ်ဆီး ဗဟိုခံစစ်မှာ ဒေါင်ဒေါင်မြည် ကစားပေးနိုင်တဲ့ ကစားသမား ၅ဦးအထိ ကျန်နေသေးပေမယ့် ဒီဆာဆီ တဦးတည်းသာ ဒီရာသီ ချဲလ်ဆီးရဲ့ ပွဲအများစုကို ကစားပေးထားပြီး ကျန်ခံစစ်မှူးတွေဟာ ဒဏ်ရာ ပြဿနာများစွာနဲ့ လုံးပန်းထားကြပါတယ် ။
တဖက်မှာ အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ခံစစ်မှူး လီဗိုင်း ကိုဝဲလ်ဟာ လာမယ့် ရာသီက စပြီး သီယာဂို ဆေးလ်ဗားရဲ့ နေရာမှာ အစားဝင်ပေးနိုင်ဖို့ ထင်ကြေး ပေးခံထားရပေမယ့် ၎င်းမှာ လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ ကိုဝဲလ် အနေနဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာကို အစားထိုး ပေးနိုင်ဖွယ် ရှိတယ်လို့ ယူဆပေမယ့် ဝါရင့်တစ်ဦး ထပ် ရှိနေဖို့ လိုကြောင်း သုံးသပ်သွားပါတယ်။
ဂါးလက်စ် က ” လီဗိုင်း ကိုဝဲလ်ဟာ သီယာဂို ဆေးလ်ဗားရဲ့ ဆက်ခံသူ၊ အနာဂတ် ချဲလ်ဆီးခံစစ်ရဲ့ ဘော့စ်တယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒီလို အလားအလာကောင်းကို ဖြည့်ဆည်းဖို့ဆိုရင် သူနဲ့ အတူ အတွေ့အကြုံရင့် ခံစစ်မှူး တယောက် တွဲကစားဖို့ လိုပါလိမ့်မယ်။ ”
” ဒါက သီယာဂို ဆေးလ်ဗားရဲ့ နောက်ဆုံးဘောလုံးရာသီ ဖြစ်လာမယ့်ပုံ ပေါ်ပါတယ်။ ဒီတော့ သူထွက်သွားတဲ့အခါ ကိုဝဲလ် အနေနဲ့ သူ့ရဲ့ အလားအလာကို ဖြည့်ဆည်းနိုင်ဖို့ လိုပါတယ်။
ဒါပေမယ့် သူဟာ ခုချိန်ထိ လေ့လာသင်ယူနေဆဲပါ။ သူဟာ ကြံ့ခိုင်မှုအရ သန်မာတဲ့၊ ဘယ်သန်တဲ့၊ လျင်မြန်တဲ့ နောက်ခံလူ တဦး ဖြစ်သလို ပွဲအခြေအနေ အပေါ်လည်း ကောင်းကောင်းမွန်မွန် ဖတ်တတ်ပါတယ်။ သူ့မှာ ခင်ဗျား ရှာဖွေနေတဲ့ အနာဂတ် အသင်းခေါင်းဆောင် တယောက်ရဲ့ ကြန်အင်လက္ခဏာတွေ အားလုံး ရှိပါတယ်။ ”
” ဒါပေမယ့် သူဟာ ရှေ့ဆက် လေ့လာပြီးရင်း လေ့လာဖို့ လိုပါမယ်။ ခင်ဗျားအနေနဲ့ ကမ္ဘာ့အဆင့် နောက်ခံလူ တဦးနဲ့ တွဲကစားရပါမယ်။
ကိုဝဲလ်ဟာ သီယာဂိုဆီကနေ ဒီရာသီ တခုတည်းပဲ လေ့လာသင်ယူခွင့် ရှိတော့တာပါ။ နောက်ရာသီကစပြီး သူ့ရဲ့ အလားအလာကို ဖြည့်ဆည်းပေးဖို့ဆိုရင်တော့ ချဲလ်ဆီးဟာ သူနဲ့ အတူ တွဲကစားဖို့ နောက်ထပ် ကမ္ဘာ့အဆင့် ခံစစ်မှူး တဦး ခေါ်ယူပေးရပါလိမ့်မယ်။ ” လို့ ပြောကြားခဲ့ပါတယ်။