သရေကျလုနီး ရှိပြီးမှ ဂယ်လေဂါ၊ အန်ဇို တို့ သွင်းဂိုးတွေနဲ့ ချဲလ်ဆီးတို့ အဖိုးတန် အဝေးကွင်း နိုင်ပွဲကောင်း ရတဲ့ ပွဲ အကြောင်း

ဒီမနက် အစောပိုင်း၊ တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ပိုချက်တီနိုရဲ့အသင်းက နောက်ကျသွင်းဂိုးတွေနဲ့ အတူ ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ ဂယ်လေဂါနဲ့ ဖာနန်ဒက်စ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပြန်လာနိုင်ခဲ့ပြီး ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့တာပါ။

ဂယ်လေဂါဟာ မိနစ် ၃၀ မှာ သွင်းယူခဲ့တဲ့ ဂျက်ဖာဆင် လားမားရဲ့ ဂိုးကို ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာပဲ မာလို ဂူစတိုရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကနေတဆင့် ညာခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက ပထမပိုင်းနဲ့ မတူညီတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဖိအားပေးတိုက်စစ်ဆင်မှုတွေနဲ့ အိမ်ရှင်တွေကို တရစပ် ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန်ပြည့်တဲ့အချိန်အထိ နှစ်ဖက်စလုံး ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိတာကြောင့် ၁-၁ နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း ၉၁ မိနစ်မှာ ဂယ်လေဂါကပဲ ကိုး ပါလ်မာ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းပြီး နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အတွက် သွင်းဂိုးတွေက ဒီမှာတင် ရပ်တန့်မသွားသေးဘဲ နောက်ထပ် ၃ မိနစ်အကြာမှာ အန်ဇို ဖာနန်ဒက်ဇ်က ကိုး ပါလ်မာရဲ့ အကွက်မြင်မြင် ပေးပို့လိုက်တဲ့ ဘောလုံးကို ပဲလေ့စ်နောက်ခံလူကို လဲကျသွားအောင် တစ်ချက်ခေါက်ပြီးနောက် ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ခရစ္စတယ် ပဲလေ့စ်နည်းပြ ရွိုင်း ဟော့ဒ်ဆန်အတွက် ဖိအားတွေ ပိုမို များပြားလာခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ အရေးကြီးတဲ့ အဝေးကွင်း အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် စနေနေ့က ဘရန့်တ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဗ်စ်ကို ကျော်ဖြတ်ပြီး အဆင့် ၁၀ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။