အာဆင်နယ် အလေးအနက် ချိတ်နေတဲ့ တိုက်စစ်ကြယ်ပွင့်လေးကို ချဲလ်ဆီးကလည်း ကင်းထောက် လွှတ် စောင့်ကြည့်ထား

အာဆင်နယ်ဟာ အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီး အသင်းထံကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဝီလီယံစ်ဟာ ဘူကာယို ဆာကာရဲ့နေရာမှာ အရန်သင့်သုံးနိုင်အောင်နဲ့ ယှဉ်ပြိုင်မှု ပေးနိုင်မယ့်သူမျိုး ရှာဖွေနေတဲ့ အာဆင်နယ်အတွက် ထိပ်တန်းပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အာတီတာဟာ အက်သလက်တစ် ဘီလ်ဘာအိုကြယ်ပွင့်ကို နွေရာသီမှာ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့် နေတယ်လို့ သိရပြီး အပြောင်းအရွှေ့ဖြစ်လာအောင် လက်ရှိ တိုက်စစ်ကစားသမားတွေထဲက ၂ ဦးကိုတောင် ရောင်းထုတ်ချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားကို ဥရောပထိပ်တန်းအသင်းအများအပြားက စိတ်ဝင်စားနေကြပြီး ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ အက်စတန်ဗီလာတို့အားလုံးလည်း အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ယခုအခါ ချဲလ်ဆီးကလည်း စိတ်ဝင်စားနေတဲ့အသင်းစာရင်းထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ဝီလီယံစ်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ချဲလ်ဆီးပစ်မှတ်ထဲမှာ ရှိနေပြီး ပိုချက်တီနိုရဲ့အသင်းက ကင်းထောက်တွေစေလွှတ်နေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“အာဆင်နယ်ကလည်း အက်သလက်တစ် ဘီလ်ဘာအိုက နီကို ဝီလီယံစ်ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တယ်။ ချဲလ်ဆီးလည်း ပြီးခဲ့တဲ့နွေကတည်းက သူ့ကို ပစ်မှတ်စာရင်းထဲ ထည့်ခဲ့တာကြောင့် ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။

ပြိုင်ပွဲက လုံးဝကို အပြိုင်အဆိုင်ပဲ။ ဘယ်အသင်းကမှ အခုအချိန်အထိ အသာစီးရနေတာမျိုး မရှိပါဘူး။ ကျွန်တေ ာ့်အမြင်မှာ သူက ပရီးမီးယားလိဂ်မှာ အရမ်းကောင်းတဲ့ကစားသမားဖြစ်လာမှာပါ။ ရုပ်ပိုင်းဆိုင်ရာရော နည်းစနစ်ပိုင်းဆိုင်ရာပါ အားကောင်းတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။