ဘယ်တောင်ပံထွက်မှ ခြေစွမ်း ပိုပြနေတဲ့ ဂျက်ဆင် အတွက် ဝမ်းသာနေတဲ့ ပိုချက်တီနိုရဲ့ သုံးသပ် မှတ်ချက်စကား

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ FA ပွဲမှာ နည်းစနစ် အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပြီး ထိုအထဲမှာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို ဘယ်တောင်ပံမှာ ပြောင်းလဲအသုံးပြုခဲ့တာလည်း တခု အပါအဝင် ဖြစ်ပါတယ်။

ဂျက်ဆင်ဟာ ထူးခြားစွာပဲ ဘယ်တောင်ပံမှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားကစားနိုင်ခဲ့ပြီး ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ကာ အသင်းဖော်တွေနဲ့လည်း ပိုပြီး အချိတ်အဆက်မိမိ ရှိခဲ့ပါတယ်။

ဒီတပတ် ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ဘယ်တောင်ပံမှာ ခြေစွမ်း ပိုတိုးတက်လာတဲ့ ဂျက်ဆင်နဲ့ ပတ်သက်ကာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ်။

ပိုချက်တီနို က ” (ဗီလာနဲ့) ပွဲအစပိုင်းလောက် သူ ဘယ်ခြမ်းတိုက်စစ်မှာ ကစားခဲ့ပါတယ် ။ ဒါပေမယ့် ဘောလုံးဟာ အမြဲ ပြောင်းလဲနေပါတယ်။ ဒီတော့ သူ နေရာ ရွှေ့သင့်ရင် ရွှေ့ရမှာပေါ့ မဟုတ်လား ? သူ့ရဲ့ ပင်ကိုဝိသေသတွေကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။ ”

” သူဟာ အမြဲတမ်း ဂိုးပေါက်ကို ကျောပေးပြီး ဆော့ရတာထက် ဂိုးပေါက်နဲ့ မျက်နှာချင်းဆိုင် ကစားရတာကို ပိုအားသန်ပါတယ်။ ဒီလို ကစားရင် သူဟာ ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။ ဒုတိယ တိုက်စစ် လမ်းကြောင်းကနေ အရှိန်နဲ့ ပြေးပြီး ရှေ့တက်ကစားရတာမျိုးပေါ့။ ”

” သူ့ရဲ့ ခံယူချက်က အံ့သြဖွယ်ကောင်းလို့ ကျွန်တော် ဝမ်းမြောက်မိပါတယ်။ အာဖရိကဖလားကနေ ပြန်ရောက်လာအပြီး သူ့အနေနဲ့ ဒီလိုမျိုး ဂိုးပေါက် ပြန်ရှာတွေ့ဖို့က က အရေးကြီးပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် အရမ်း ကျေနပ်မိပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ရှုံးထွက်ဖလား ၂လုံး လမ်းကြောင်းပေါ်မှာ ရှိနေသည့်တိုင် ပရီးမီးယားလိဂ်မှာတော့ အခြေအနေ မဟန်ဘဲ ပြီးခဲ့တဲ့ အပတ် ဝုလ်ဗ်ကို ရှုံးအပြီးမှာ အဆင့် ၁၁ နေရာသို့ ဆင်းထားရပါတယ်။

မနက်ဖြန် တနင်္လာနေ့ ညမှာတော့ ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီပွဲ ဆင်နွှဲဖို့ ရှိပြီး ချဲလ်ဆီး အနေနဲ့ ဗီလာနဲ့ ပွဲက ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုနေပါတယ်။