အိပ်မက်အသင်း ဖြစ်တဲ့ ဘာစီလိုနာထံ ပြောင်းဖို့ အန်ဇို လိုက်ချိတ်နေကြောင်း သတင်း ထွက်ပေါ်လာ

ချဲလ်ဆီး ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ချဲလ်ဆီးအသင်းထံ ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားဟာ လက်ရှိ စာချုပ် သက်တမ်း ၈ နှစ်အထိ ချုပ်ဆိုထားသူ တစ်ယောက်ဖြစ်ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့လိုနေပါတယ်။

ဒါပေမယ့် ဖာနန်ဒက်ဇ်ရဲ့ စာချုပ်တန်ကြေးတွေကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ဆိုတာက အိမ်မက်တစ်ခုမျှသာ ဖြစ်နေပြီး ချဲလ်ဆီးဘက်ကလည်း ဖာနန်ဒက်ဇ်ကို လွယ်လွယ်ကူကူ ရောင်းချသွားမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်ကတော့ “ ဘာစီလိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေက လန်ဒန်မီဒီယာတွေဆီကနေပဲ ထွက်ပေါ်လာတာပါ၊ ဘာလို့လဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး။

အန်ဇို နဲ့ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတာကို နားလည်သဘောပေါက်ထားပြီးသားပါ၊ ကမ္ဘာ့ဖလား ဖိုင်နယ်အပြီးကတည်းက ကျွန်တော်တို့ အတူ ဆုံးဖြတ်ခဲ့ကြတာပါ သူ ချဲလ်ဆီးကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေ အသင်းကွင်းလယ်ပိုင်းအတွက် ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ ၂ ယောက်စလုံးကို ပေါင် သန်း ၂၀၀ ကျော်အထိ အသုံးပြုကာ ခေါ်ယူခဲ့ပြီး အဆိုပါ ပမာဏက သာမန် အသင်းငယ်တစ်သင်းကို ကောင်းကောင်း ဝယ်ယူနိုင်လောက်တဲ့ ပမာဏမှာ ရှိနေပါတယ်။

ဘာစီလိုနာအသင်းဘက်ကတော့ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ဆုံးရှုံးခဲ့ရပါက ဖာနန်ဒက်ဇ်တို့ကို ခေါ်ယူဖို့ ပြန်လည် စီစဉ်လာနိုင်ပြီး ယခုကတည်းက ဖာနန်ဒက်ဇ်ကို ကြိုတင် ချိတ်ဆက်နေကြောင်းလည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။