နယူးကာဆယ် ဂိုးသမားကို ကွင်းထဲ ဝင်ကြိတ်တဲ့ ချဲလ်ဆီး ပရိသတ် ပြစ်ဒဏ် ချမှတ်ခံရပါပြီ

ချဲလ်ဆီး အသင်း ပရိသတ်တစ်ဦးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း အတွင်း ဝင်ရောက်ပြီး နယူးကာဆယ်ဂိုးသမားမာတင်ဒရော့ဗ်ကာအား တိုက်ခိုက်မှုအတွက် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဒရော့ဗ်ကာ အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အတွက် အဆိုပါ ပရိသတ်ဟာ ပေါင် ၈၀၇ ဒဏ်ရိုက်ခြင်းခံခဲ့ရပြီး ၃ နှစ်ကြာ ဘောလုံးပွဲကြည့်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။

အသက် ၂၅ နှစ်ရှိ ချဲလ်ဆီး ပရိသတ် ဂျော်ဒန်ချက်ဒလေဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ပရီးမီးယားလိဂ်အသင်းနှစ်သင်း ရင်ဆိုင်တွေ့တဲ့ပွဲတွင် ကွင်းအတွင်း ပြေးဝင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီးက နောက်ကျ ချေပဂိုးသွင်းယူပြီးနောက် ကွင်းအတွင်း ဝင်ရောက်လာခဲ့ကာ နယူးကာဆယ်ဂိုးသမားကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆစ်ကပ်တွင် နေထိုင်တဲ့ ဂက်စ်ဖြည့်သူ ချက်ဒလေက နယူးကာဆယ်ဂိုးသမားကို တိုက်ခိုက်ခဲ့ပြီး ဘောလုံးပွဲရဲ့ ကစားတဲ့ ဧရိယာကို ဥပဒေပ ဝင်ရောက်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

အဆိုပါပွဲတွင် ချဲလ်ဆီးဟာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် မစ်ဒယ်ဘရော့ကို ၆-၂ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ လီဗာပူးနှင့် ဗိုလ်လုပွဲကစားရပါမယ်။