မော်ရင်ဟို ချယ်ဆီးထံ ပြန်လာမလား သုံးသပ်လိုက်တဲ့ နယူးကာဆယ် နည်းပြဟောင်း အလန်ပါဂျူး

နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ် နာမည်ကျော် နည်းပြဟောင်း အလန်ပါဂျူးက မော်ရင်ဟို အနေနဲ့ တကယ်လို့ ချယ်ဆီးအသင်းဘက်ကသာ လှမ်းဆက်သွယ်မယ်ဆိုရင် အသင်းဟောင်းထံကို ပြန်လာဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီနာမည်ကျော်နည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ အတွင်း ရိုးမားအသင်းနည်းပြရာထူးကနေ အထုတ်ခံရပြီးတဲ့နောက် အခု လောလောဆယ် အသင်းလက်မဲ့ဖြစ်နေပါတယ်။

ဒီရာသီမှာ ချယ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြပိုချက်တီနိုတစ်ယောက် ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြ ရာထူးအတွက် မရေရာမှုတွေလည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းကို တော့ဒ်ဘိုလေ ဝယ်ယူပြီးတဲ့နောက် အမြဲတမ်းနည်းပြအဖြစ် တူချယ်လ်၊ ဂရေဟမ်ပေါ်တာ၊ ပိုချက်တီနိုစတဲ့ နည်းပြအပြောင်းအလဲတွေဖြစ်ခဲ့ပြီး ကစားသမားသစ်တွေကို ပေါင် ၁ ဘီလီယံကျော်အထိ အသုံးပြုခေါ်ယူခဲ့ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁ဝ ဝန်းကျင်တွင်သာ ရပ်တည်နေပါတယ်။

အသင်း ရလဒ်ဆိုးတွေကြောင့် ချယ်ဆီးပရိသတ်တွေက အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့သူ နည်းပြဟောင်းမော်ရင်ဟိုကို တတိယ အကြိမ်မြောက် ပြန်ခေါ်ဖို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။

မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ၂၀၀၄ ကနေ ၂၀၀၇၊ ၂၀၁၃ ကနေ ၂၀၁၅ အထိ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ် ရယူပေးခဲ့ပေမဲ့ ၂ ကြိမ်စလုံးမှာ ပြဿနာတွေကြောင့် ရာထူးက အထုတ်ခံခဲ့ရပါတယ်။

အခု နာမည်ကျော် talkSPORT ရေဒီယိုနဲ့အင်တာဗျူးမှာ အလန်ပါဂျူးက “မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့ဖြစ်ခဲ့တဲ့ ပြဿနာတွေကို စိတ်ထဲထားမှာ မဟုတ်လောက်ပါဘူး။ တကယ်လို့ ချယ်ဆီးအသင်းဘက်ကသာ ဖုန်းနဲ့ လှမ်းဆက်သွယ်မယ်ဆိုရင် မော်ရင်ဟိုဟာ ချယ်ဆီးကို ပြန်ရောက်လာဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။