အဲဗာတန်ကို အပြစ်ပေးပြီးနောက် ချယ်ဆီးဘက် ဦးလှည့်လာနေတဲ့ ပရီးမီးယားလိဂ်

အဲဗာတန် အသင်းကို ဆယ်မှတ်လျှော့ ပြစ်ဒဏ်အပြင် နောက်ထပ် ပြစ်ဒဏ်တွေပါ ထပ်တိုး ချမှတ်မယ့် ပရီးမီးယားလိဂ်ဟာ ချယ်ဆီးနဲ့ မန်စီးတီးတို့ကို အရေးယူနိုင်ဖို့ ရှေ့ဆက်တိုးစီစဉ်နေကြကြောင်း သတင်းရရှိပါတယ်။

ချယ်ဆီး၊ မန်စီးတီး နှစ်သင်းစလုံး ပြစ်ဒဏ်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စွဲချက်တွေတင်ထားပေမယ့် လက်တလောမှာ ချယ်ဆီးကို ပိုမို အာရုံစိုက်နေဟန် ရှိပါတယ်။

ပိုင်ရှင်ဟောင်း အေဘရာမိုဗစ် လက်ထက်က အပြောင်းအရွှေ့တွေအပြင် ဟာဇက်နဲ့ နည်းပြဟောင်း ကွန်တီတို့ကို ခေါ်ယူခဲ့စဉ်က အရှုပ်ထုတ်တွေကို စတင် ဖော်ထုတ်ဖို့ စီစဉ်နေကြပါတယ်။

ချယ်ဆီးဟာ အတိတ်တုန်းကလည်း ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် စွဲချက်တင်ခံရမှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရှိဖူးပါတယ်။

အခုချိန်ထိတော့ စျေးကွက်မှာ ဝင်လှုပ်ရှားခွင့် ပိတ်ပင်ခံရခြင်းနဲ့ ဒဏ်ကြေး ပေးဆောင်ရခြင်းကလွဲလို့ အဲဗာတန်လို ပြင်းထန်တဲ့ ရမှတ်လျော့ အပြစ်ပေးခြင်း ခံရဖူးတာမျိုး မရှိခဲ့ဖူးတာ ဖြစ်ပါတယ်။