ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ အာဆင်နယ်၊ ချယ်ဆီး စတဲ့ လန်ဒန် အသင်းကြီး နှစ်သင်းထံမှ ကမ်းလှမ်းမှု ရရှိထားသလို လာမယ့် ဆောင်းရာသီဈေးကွက်အတွင်း အသင်းမှ ထွက်ခွါဖို့ စဉ်းစားခဲ့ပေမယ့် အခုတော့ လက်ရှိ အသင်းအပေါ် ပြန်လည် သက်ညှာကစားပေးဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
တိုနေးဟာ ၎င်းရဲ့ ကစားသမားဘ၀ နောက်တစ်ဆင့်အတွက် ထိပ်တန်းအသင်းတစ်သင်းထံ သွားရောက် ကစားလိုနေကြောင်း ဝန်ခံခဲ့ပေမယ့် ၎င်းပွဲပယ်ခံထားရတဲ့ ၈ လ လုံးလုံး ၎င်းဘက်က ရပ်တည်ပေးခဲ့တဲ့ နည်းပြ သောမက်စ် ဖရန့်ခ် နဲ့ အသင်းအပေါ် အားနာမှုတွေ ခံစားနေရကြောင်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။
လက်ရှိ အချိန်အထိ တိုနေး တစ်ယောက် ကမ်းလှမ်းမှုတွေအပေါ် အပြီးသတ် စဉ်းစားထားခြင်း မရှိသေးသလို အဖြေပေးထားခြင်းလည်း မရှိသေးတာကြောင့် ၎င်းရဲ့ အနာဂတ်က မရေမရာ ဖြစ်နေဆဲ ဖြစ်ပြီး အသင်းဘက်ကသာ အကောင်းဆုံး စည်းရုံးနိုင်ခဲ့ပါက တိုနေးရဲ့ အနာဂတ်က ဘရန့်ဖို့ဒ်မှာသာ ဆက်ရှိဖို့ ရာခိုင်နှုန်းများလာခဲ့မှာ ဖြစ်ပါတယ်။
တိုနေးနဲ့ နီးစပ်သူက “ တိုနေးတစ်ယောက် လာမယ့် ခရစ်စမတ်မှာ အသင်းပြောင်းနိုင်လောက်တယ်ဆိုပြီး လူတွေ ထင်ကြေးပေးနေကြပေမယ့် လက်ရှိ အချိန်အထိ တရားဝင် ဆုံးဖြတ်မှုတွေ ဘာမှ မပြုလုပ်ရသေးပါဘူး၊ တိုနေးက သူ့အနာဂတ်ကို အသေချာ စဉ်းစားနေပေမယ့် ဘရန်းဖို့ဒ်အသင်းက သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အတွက် အဲ့ဒီ အပေါ်မှာလည်း သူ ထည့်စဉ်းစားပေးနေပါတယ်၊။
တိုနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီး ရှိနေတာမှန်ပေမယ့် နည်းပြ ဖရန့်ခ် နဲ့ အသင်းအပေါ် သူ အကြွေးတင်နေသလိုမျိုး ခံစားနေရပါတယ်၊ နောက်ပြီး အသင်းပရိသတ်တွေကိုလည်း သူအားနာနေပုံရပါတယ် ” ဆိုပြီး ဖော်ထုတ် ပြောဆိုသွားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းကတော့ တိုနေးရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးထားပေမယ့် တန်ကြေး ပေါင် သန်း ၁၀၀ အထိ သက်မှတ်ထားတယ်ဆိုပြီး သတင်းထွက်ပေါ်ထားပေမယ့် ဘရန်းဖို့ဒ်အသင်းက ကစားသမားအတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်စေမယ့် ကမ်းလှမ်းမှုမျိုး ရရှိခဲ့ပါက လက်လွှတ်ပေးသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ချယ်ဆီး အသင်း အတွက်တော့ အိုဆင်ဟမ်ကို ဦးစားပေး အလိုရှိနေသလို ဇန်နဝါရီမှာ မရနိုင်ရင် တိုနေးကို အားစိုက် ကြိုးစားဖွယ်လည်း ရှိနေပါတယ်။