
နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ် ကာလမှ ချယ်ဆီးအသင်းရဲ့ ဒဏ်ရာရှိ ကစားသမား ခရစ္စတိုဖာ အန်ကွန်းကူ ကတော့ ကလပ်ပွဲတွေ ပြန်စချိန် အမှီ ကြံ့ခိုင်မှု အပြည့် ရှိနေအောင် အပြင်းအထန် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။
ပြင်သစ်သားဟာ ကွင်းထဲကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ခြေချဖို့ စိတ်ဆန္ဒတွေ အတော် ပြင်းထန်နေပါပြီ။ သူက ချယ်ဆီး အသင်းရဲ့ ကော့ဘ်ဟမ်း ထရိန်နင် မြက်ခင်းပြင်မှာလည်း ပြန် ပြေးလွှား လေ့ကျင့်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ကလပ်ရဲ့ ဆေးဝန်ထမ်းတွေကတော့ အန်ကွန်းကူ ရဲ့ လေးလတာ အနားယူ ဆေးကုသတဲ့ ကာလ အပြီးမှ အလွဲအချော် မရှိအောင် အတော်ကြီး ဂရုစိုက်ကာ ပြန်လည် ထူထောင်ရေး အတွက် စီမံပေးနေပါတယ်။
ပြင်သစ် တိုက်စစ်သမား က အတော်ကြီး စိတ်ဓာတ် ပြင်းထန်ကာ ကြိုးစားနေပေမယ့် အန်ကွန်းကူ တစ်ယောက် ပြန် ပွဲထွက် ကစားဖို့ကတော့ ဒီဇင်ဘာလထိ စောင့်ရဖွယ်လည်း ရှိနေပါတယ်။
နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီး အသင်းဟာ ဘောလုံးရာသီ အစောပိုင်းမှာမှ ဒဏ်ရာနဲ့ ကစားသမားတွေ၊ ပုံစံကောင်း မရတာတွေကြောင့် ရုန်းကန်နေခဲ့ရပြီး အခုတော့ ပုံစံကောင်းတွေ စတင် ပြသလာနေပြီ ဖြစ်ပါတယ်။