ပရီးမီးယားလိဂ်က ဘာအပြစ်ပေးမယ် မသိသေးလို့ အမ်ဘတ်ပီ လက်သစ်ကို အမြန် ခေါ်ထားလိုတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီစျေးကွက်မှာ လူသစ် အင်အားဖြည့်မှု အနည်းငယ် ပြုလုပ်မှာဖြစ်ကာ ပြင်သစ် ကြယ်ပွင့်လေးကိုလည်း ခေါ်ယူလိုနေပါတယ်။

အသက် ၁၉ နှစ် အရွယ် မိုနာကို ညာတောင်ပံ ကစားသမားလေး အက်ဖီကီလီဟာ ချယ်ဆီးအသင်းရဲ့ ပစ်မှတ်ထဲ ပါဝင်လာနေပြီး သူဟာ အမ်ဘတ်ပီ လက်သစ်အဖြစ်လည်း နာမည်ရနေသူပါ။

မိုနာကို အသင်းကြီးမှာ ပွဲကစားခွင့် မရသေးပေမယ့် ယူ-၂၁ မှာ အဓိက ခြေစွမ်းပြနေတဲ့ တိုက်စစ်သမားကို ဥရောပကလပ် များစွာက သတိထားမိနေပါတယ်။ ကြယ်ပွင့်လေးဟာ မိုနာကိုအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိထားပါတယ်။

ချယ်ဆီးဟာ အသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ် လက်ထက် ကစားသမား အပြောင်းအရွှေ့ ငွေပေးချေမှုများနှင့် ဆက်စပ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ကြောင်း တွေ့ရှိရပါက အရေးယူခံရနိုင်တယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လွတ်လပ်တဲ့ ကော်မရှင်က ငွေဒဏ် ဒါမှမဟုတ် အပြောင်းအရွှေ့ ပိတ်ပင်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ချယ်ဆီးဟာ လူငယ် ကြယ်ပွင့်တွေကို ကြိုတင် စုဆောင်းထားဖို့ ပြင်ဆင်လာဖွယ် ရှိနေပါတယ်။