ချယ်ဆီးရဲ့ အပြောင်းအရွှေ့တွေကို ထပ်ပြီး စစ်ဆေးနေကာ ဒီတစ်ကြိမ် ရမှတ်လျော့ ပြစ်ဒဏ် ပါဝင်လာနိုင်

ချယ်ဆီးဟာ အသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ် လက်ထက် ကစားသမား အပြောင်းအရွှေ့ ငွေပေးချေမှုများနှင့် ဆက်စပ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ကြောင်း တွေ့ရှိရပါက အရေးယူခံရနိုင်တယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်က ၂၀၀၃ခုနှစ်မှာ ချယ်ဆီးကို ပေါင် ၁၄၀သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး သူ ပိုင်ရှင်သစ် ဖြစ်လာတဲ့နောက် ငွေကြေးအလုံးအရင်း သုံးစွဲကာ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူပြီး အောင်မြင်တဲ့အသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။

ရုရှားရေနံသူဌေးဟာ ၎င်းပိုင် ကုမ္ပဏီများကို အသုံးပြုပြီး ကလပ်အကျိုးအတွက် အေးဂျင့်များ၊ အဖွဲ့အစည်းများအား ငွေများစွာ လွဲပြောင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ငွေပေးချေမှုတွေကို ပြန်စစ်ဆေးနေခြင်းကနေ အခုသတင်း ပေါ်ပေါက်လာနေတာပါ။

ချယ်ဆီးဟာ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုများအတွက် ယူအီးအက်ဖ်အေရဲ့ ပေါင် ၈.၆ သန်း ဒဏ်ရိုက်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒီတစ်ကြိမ် စစ်ဆေးမှုတွေမှာပါ အပြစ်တွေ့ပါက ဒဏ်ကြေးတင် မဟုတ်ဘဲ ရမှတ်လျှော့ ပြစ်ဒဏ်ကိုပါ ကြုံလာရနိုင်ပါတယ်။

အက်ဖ်အေနှင့် ပရီးမီးယားလိဂ်ဟာ မန်စီးတီးနှင့် အဲဗာတန်တို့ကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။