စီးတီး စကားဝိုင်းကို ဝင်နားထောင်ခဲ့တာ ဘာပြောလဲ သိချင်လို့ မဟုတ်ကြောင်း ရှင်းပြလာတဲ့ ပါလ်မာ

မန်စီးတီးပွဲမှာ တချိန်က အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ပြိုင်ဘက် ကစားသမားတွေ ဖရီးကစ် ကန်ဖို့ ဆွေးနွေးမှုကို ခပ်တည်တည် သွားနားထောင်ခဲ့တာအတွက် ပါလ်မာက ရှင်းပြမှု လုပ်လာခဲ့ပါတယ်။

ဟာလန်းက ရယ်မောပြီး ပါလ်မာကို တွန်းထုတ်ခဲ့ပေမယ့် အခြားသော မန်စီးတီး ကစားသမားတွေကတော့ ပါလ်မာကို သဘောမကျတဲ့ အမူအယာတွေဖြင့် ကြည့်နေခဲ့တာပါ။

ပါလ်မာက ” အမှန်အတိုင်း ပြောရရင် ကျွန်တော် ဘာကိုမှ မကြားခဲ့ပါဘူး။ ဒီအတိုင်းလေး သွားစနောက်ဖို့ ကြိုးစားခဲ့တာပါ။ ဟာလန်းက ဒါကို ရယ်စရာလို့ မြင်ခဲ့ပေမယ့် ကျန်တဲ့ သူတွေကတော့ အဲ့လို မြင်ခဲ့မယ် မထင်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ အဆိုပါပွဲမှာ ချယ်ဆီးအတွက် သွင်းဂိုး ၁ ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ အသင်းဟောင်းဘက်ကို သွင်းယူရတာ ဖြစ်ပေမယ့် ပါလ်မာကတော့ ဖိအား မရှိဘူးလို့ ဆိုပါတယ်။

ပါလ်မာက ” ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးတာ မြင်လိုက်ရတော့ ကျွန်တော်ကန်မယ်လို့ စတာလင်ကို အချက်ပြခဲ့ပါတယ်။ ဘောလုံးကို တည်ထားပြီးတာနဲ့ အခြေအနေအပေါ် အာရုံစိုက်ခဲ့ပြီး ၊ အဆုံးသတ် သွင်းယူဖို့ ကြိုးစားခဲ့ပါတယ်။

ပင်နယ်တီ ကန်တဲ့အချိန် ဖိအားမများခဲ့ပါဘူး။ အသင်းဟောင်း အကြောင်း နည်းနည်းတွေးခဲ့မိပါတယ်။ အဲလောက်ပါပဲ။ ထွေထွေထူးထူး ဖိအားရယ်လို့ မရှိခဲ့ပါဘူး ”လို့ ပြောကြားခဲ့ပါတယ်။