ချယ်ဆီး ထိပ်ဆုံး ၄ သင်း စာရင်းထဲ ဝင်နိုင်တဲ့ထိ တိုးတက်လာမယ်လို့ ယုံကြည်စွာ အသိပေး

ချယ်ဆီးအသင်းသားတွေကတော့ အသင်းအနေနဲ့ မကြာခင်မှာပဲ လက်ရှိ အဆင့်ရပ်တည်မှုကနေ ပိုမို မြင့်မားတဲ့ အဆင့်ထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ ရှိနေပါတယ်။

နည်းပြသစ် ပိုချက်တီနို လက်အောက် ဒီရာသီအစပိုင်းအတွင်း ရလဒ်ပိုင်း တည်ငြိမ်မှု သိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ချယ်ဆီးရဲ့ ခြေစွမ်းဟာ တိုးတက်လာနေခဲ့ကာ အသင်းကြီးချင်း ယှဉ်ပြိုင်မှုတွေအတွင်း ရလဒ် အပြည့်အဝ မရပေမယ့် ခြေစွမ်းမှာ အသာစီးတွေ ယူလာနိုင်ခဲ့တယ်။

“ ကျွန်တော်တို့ တစ်ပွဲချင်းပဲ ကြိုးစား လုပ်ဆောင်နေပေမယ့် တက်နိုင်သလောက် အကောင်းဆုံး လုပ်ချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့တွေ ဥရောပဝင်ခွင့် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်တွေ ပြန်လည် ရရှိဖို့ကိုလည်း မျှော်လင့်ထားပါတယ်။

ပွဲတိုင်းမှာ ဆက်လက်ပြီး တိုးတက်ကောင်းမွန်နေမယ် ရမှတ်တွေလည်း စုဆောင်းနိုင်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှ်ိဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဥရောပဝင်ခွင့်က ကြီးမားတဲ့ တောင်းဆိုမှုကြီးတစ်ခု ဖြစ်နေပေမယ့် ကျွန်တော်တို့မှာ တိုက်ပွဲဝင်စိတ်တွေ ယုံကြည်မှုတွေ ကျွန်တော် သွားချင်တဲ့နေရာကို အရောက်လှမ်းနိုင်မယ့် ယုံကြည်ချက် နဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။ ” လို့ ဆန်းချက်ဇ်က ပြောဆိုထားပါတယ်။

ချယ်လ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာမှာ ရှိနေကာ အဆင့် ၄ က စပါးနဲ့ ၁၀ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။