ကြီးမားတဲ့ ဖိအားကြောင့် ဆောင့်တက်လာတော့မယ့် ချယ်ဆီးအကြောင်း နည်းပြဖြစ်သူ သုံးသပ်ခဲ့ခြင်း

သြဂုတ်လနဲ့ စက်တင်ဘာလတွေ အတွင်း သွင်းဂိုးရရှိနိုင်ရေး ရုန်းကန်ခဲ့ရတဲ့ ချယ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲစဉ်နှစ်ခုမှာတော့ သွင်းဂိုး ရှစ်ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်၊ စပါး၊ မန်စီးတီး ပွဲစဉ်တွေအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းက အကူးအပြောင်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခု ရှိလာစေလိမ့်မယ်လို့ ပိုချက်တီနိုက ခန့်မှန်းပြောဆိုလိုက်ပါတယ်။

” မန်စီးတီးပွဲအတွင်း အခြေအနေများစွာအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ပွဲကိုထိန်းချုပ်သွားတဲ့ နည်းလမ်းတွေကလည်း အရမ်းကောင်းပါတယ်။ တိုးတက်ဖို့ ကျန်ရှိနေသေးပေမယ့် ဇီးရိုးကနေ စတင်ခဲ့ရတဲ့ အခြေအနေအတွက် ဒါက တကယ့်ကို ကောင်းမွန်ပါတယ်။

မန်စီးတီးပွဲ အတွေ့အကြုံတွေက ကျွန်တော်တို့အသင်းနဲ့ အသင်းရဲ့ကစားပုံကို များစွာ တိုးတက်စေပါလိမ့်မယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေကို အနာဂတ်မှာ အသုံးချဖို့တော့ လိုအပ်ပါတယ်။ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဟာ ပွဲစဉ်တိုင်း အနိုင်ရရှိရေးဖိအားရှိနေပြီး စိတ်ရှည်ဖို့ လိုအပ်နေပါတယ်။

ကျွန်တော်တို့အသင်းက မန်စီးတီးလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ဂိုးသွင်းနိုင်သလို ပွဲကိုလွှမ်းမိုးပြီး အခွင့်အရေးတွေ ဖန်တီးဖို့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာလည်း ပြသနေပါတယ်။ ကျွန်တော်တို့ အဝေးကြီး ဆက်လျှောက်ရဦးပါမယ်။

ကျွန်တော်တို့ တစ်ဆင့်ချင်း သွားနေသလို နှစ်ဆင့်လောက် ခုန်ပျံ ကျော်လွှားသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကြီးမားတဲ့ စိတ်ခွန်အားတစ်ခု ဖြစ်စေခဲ့ပါတယ် ” လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

ပိုချက်တီနိုဟာ ချယ်ဆီးအသင်းရဲ့ စရိုက်လက္ခဏာ၊ စိတ်ဓါတ်ပိုင်းတွေကို စတင် ဖော်ထုတ်လာနေပြီပဲ ဖြစ်ပါတယ်။