အပြောင်းအရွှေ့ ဆိုင်ရာ အရေးကြီး ဆုံးဖြတ်ခွင့်အား သူ့ကို ပေးဖို့ ပိုချက်တီနို တောင်းဆို

ချယ်ဆီးနည်းပြ ပိုချက်တီနိုက အပြောင်းအရွှေ့ စျေးကွက်မှာ ကစားသမားသစ် ခေါ်ယူရေးတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ခွင့်အား သူ့ကို ပေးဖို့ ကလပ်ကို တောင်းဆိုလိုက်ပါပြီ။

ချယ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဘိုလီလက်ထက်မှာ ပေါင် ၁ ဘီလျံကျော် လောက် အသုံးပြုခဲ့ပြီးဖြစ်ပေမဲ့ အကောင်းဆုံးဖြစ်မယ့် အသင်းကို ရှာမတွေ့သေးပါဘူး။ ရလဒ်မကောင်းချိန် နည်းပြတွေကို အပြောင်းအလဲ ပြုလုပ်နေတာကလည်း အထိုင်ကျ အသင်းကို ရှာဖွေနိုင်ဖို့ ခက်ခဲစေပါတယ်။

ပိုချက်တီနိုကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့က စလို့ ကစားသမား ခေါ်ယူမှုတွေမှာ ပိုမို ဆုံးဖြတ်ခွင့် ရရှိချင်ကြောင်း အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပါ။

ပိုချက်တီနိုက “အသင်းပိုင်ရှင်၊ အားကစားဒါရိုက်တာတွေနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာက ကောင်းမွန်တဲ့ အရာဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းချိန်ကတည်းက ဆုံးဖြတ်ချက်ကိစ္စအားလုံးမှာ ပိုမိုပါဝင်ဆုံးဖြတ်ခွင့်ရချင် ကြောင်းပြောခဲ့ပါတယ်” လို့ ပြောပါတယ်။

ပိုချက်တီနိုဟာ အချို့သော ချယ်ဆီးကစားသမားတွေကို သဘောမကျပေမယ့် ကလပ်မှာ ရေရှည်စာချုပ် ရှိနေသူတွေဖြစ်လို့ ထုတ်သုံးနေရတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။