တောက်မယ့်မီးခဲ တရဲရဲကို မန်ယူနဲ့အပြိုင် လုဖို့ ခြေလှမ်းပြင်နေပြီဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေကို ဆက်လက် လုပ်ဆောင်လိုနေဆဲဖြစ်ကာ ဖလာမင်ဂိုရဲ့ လူငယ်ကြယ်ပွင့် လော်ရန်ကို ခေါ်ယူဖို့ ကြိုးစားလာနေပါပြီ။

လော်ရန်က ဘရာဇီးကလပ် ဖလာမင်ဂို ယူ-၂၀ အသင်းမှာ ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် မကြာသေးမီကပဲ ဖလာမင်ဂို အသင်းကြီးဆီ ခေါ်ဆောင်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ အသင်းကြီးမှာလည်း ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ယူ-၁၇ လက်ရွေးစင် လော်ရန်က ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားတတ်တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပါတယ်။ သူ့ရဲ့ အတိုးအလှုပ်၊ ဖန်တီးနိုင်စွမ်းနဲ့ ဂိုးသွင်းစွမ်းရည်တို့ စတင် လူသိလာနေပါပြီ။

သတင်းထောက် ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်ဆီးနဲ့ မန်ယူတို့က လော်ရန်ကို စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ထားကြပြီး နှစ်သင်းစလုံးက လော်ရန်ရဲ့ ခြေစွမ်းကို နှစ်ခြိုက်နေကြကြောင်း သိရပါတယ်။

ဖလာမင်ဂိုနဲ့ လော်ရန်တို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၅၀သန်း တန်ကြေးရှိကြောင်းလည်း ရိုမာနိုက ဖော်ပြခဲ့ပါတယ်။