နာပိုလီမှာ ပြဿနာတတ်နေတဲ့ တိုက်စစ်မှူး အိုဆီမန်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ချယ်ဆီး ချိန်ရွယ်

ချယ်ဆီးဟာ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်နဲ့အပြိုင် အခြေအနေ စောင့်ကြည့်မှု ပြုလုပ်နေကြောင်းကို အင်္ဂလန်ဘောလုံး သတင်းဌာနတွေက ဖော်ပြလာနေပါပြီ။

တိုက်စစ်မှူး အိုဆီမန်ဟာ သူ့ကို ပြန်လည် လှောင်ပြောင်ခဲ့တဲ့ နာပိုလီအသင်းနဲ့ ပြဿနာ တက်နေတာဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ပွဲမှာ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး။

တိုက်စစ်မှူး အိုဆီမန်က ၂၀၂၀ ခုနှစ်မှာ လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဥရောပမှာ ထိပ်တန်း တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နာပိုလီကို နှစ် ၃၀ကျော် အတွင်း ပထမဦးဆုံးအကြိမ် စီးရီးအေ ချန်ပီယံဘွဲ့ကို ပြန်ရအောင် ကူညီပေးထားနိုင်ပါတယ်။

အိုဆီမန်က နာပိုလီအတွက် ၃နှစ်ကျော် ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၀၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်ထားနိုင်တယ်။

ဒီရာသီ သွင်းဂိုး လိုအပ်ချက်များနေတဲ့ ချယ်ဆီးက နာပိုလီနဲ့ အိုဆီမန်တို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အခြေအနေ ပေးလာခဲ့ရင် လာမယ့် ဇန်နဝါရီ ဈေးကွက်မှာပဲ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သိရပါတယ်။