
ဘုန်းမောက်ကို ဂိုး မရှိ သရေ ကျတဲ့ပွဲမှာ အဝေးကွင်းထိ လိုက်ပါ အားပေးလာတဲ့ ချယ်ဆီး ပရိသတ်တွေက သူတို့ အသင်းကို ပြန်ပြီး ရှုံ့ချ Boo လုပ်ကာ စိတ်ပျက် အမျက်ထွက်မှုကို ဖော်ပြခဲ့ကြပါတယ်။
ထို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ပွဲပြီး အင်တာဗျူးမှာ နည်းပြ ပိုချက်တီနိုကတော့ သိပ်ခံစားနေပုံ မရဘဲ ပရိသတ်တွေ ကြိုက်တာကို လုပ်နိုင် တုန့်ပြန်နိုင်ကြောင်း ခပ်အေးအေးပဲ ဆိုခဲ့ပါတယ်။
” ဒီရာသီ စတည်းက ကျွန်တော်တို့မှာ အင်ပြည့် အားပြည့် လူစာရင်း အပြည့် မရသေးဘူး။ ဒီတော့ ကျွန်တော်တို့က ဘာလုပ်လို့ရမှာလဲ။ ကျွန်တော့်မှာ ပြောစရာ မရှိဘူးဗျ။
ပရိသတ်တွေ အနေနဲ့ သူတို့ လုပ်ချင်တာ လုပ်နိုင်တယ်။ ကျွန်တော်တို့ကလည်း ကိုယ် ဘာလုပ်ရမယ် ဆိုတာ ကိုယ့်ဘာသာ သိတယ်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် ခိုင်မာပါတယ်။
ဘုန်းမောက်က အသင်းကောင်း တစ်သင်းပါ။ တကယ်ကို ပြိုင်ဆိုင်နိုင်စွမ်း ရှိတယ်။ အသင်းတိုင်းက အဲဒီလို အရည်အသွေး ရှိနေတယ်။ လက်ခံချင်ချင် မခံချင်ချင် ဒါက အမှန်တရားပဲ။ ဒီတော့ positive အမြင် ရှိပြီး စိတ်ရှည်ရပါမယ်။
စိတ်ခံစားမှုတွေ ရှိတာကို ကျွန်တော် နားလည်ပါတယ်။ ဘောလုံးကိုက စိတ်ခံစားမှုတွေ ပါဝင်နေတာလေ။ ဒီ စိတ်ကြောင့်ပဲ စောဒကတက်တာတွေ ရှိနေတာပဲ၊ ဘာလို့ဆို ကျွန်တော်တို့ မနိုင်လို့။ ဒါထက် ဘာမှ မပိုပါဘူး။
ပရိသတ်တွေကတော့ တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အသင်းဘက်ကကနေ ရှိနေပြီး ကျွန်တော်တို့ကို ထပ်ပြီး ကူညီ အားပေးမှာပါပဲ။ ဒါ သေချာပါတယ်။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိ ချယ်ဆီးတို့ ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲသာ နိုင်ထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပါတယ်။