
ဘုန်းမောက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နိုင်ပွဲ မရှိသေးတဲ့ အသင်း ဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းက အနိုင် မယူနိုင်ခဲ့ဘဲ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ဂိုးတောင် မရခဲ့ဘဲ သရေ ကျသွားခဲ့ပါတယ်။
ချယ်ဆီး ဂိုးသမား ဆန်းချက်သာ မကယ်ရင် လန်ဒန်ကလပ်ဟာ ရှုံးပွဲတောင် တွေ့သွားနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်း ဘာကြောင့် မယူနိုင်ခဲ့လဲ ပွဲအပြီးမှာ နည်းပြပိုချက်တီနိုက အခုလို ဆိုပါတယ်။
” ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး မပါနိုင်ဘူး။ အားလုံး အတူတကွ ရှိနေရင်တော့ ကျွန်တော်တို့ အသင်းက တောင့်တင်းပါလိမ့်မယ်။ အဲဒီကျရင် မန်ချက်စတာစီးတီး၊ အာဆင်နယ် တို့ကိုရော အသင်းအားလုံးကိုပါ ပုံမှန် အနေအထား၊ အသင်း ကြံ့ခိုင်မှု ပြည့်နေရင် ချယ်ဆီးက ယှဉ်နိုင်ပါတယ်။
အခု ကျွန်တော်တို့ ဘာလို့ မတူနိုင်ဘူး ဖြစ်နေရတာလဲ၊ ဘာလို့လဲ ? ဒီရာသီ စတည်းက ကျွန်တော်တို့မှာ အသင်းက အင်ပြည့် အားပြည့် လူစာရင်း အပြည့် မရသေးဘူး။
အခုကတော့ ကျွန်တော်တို့ ကံကို မကောင်းတာပါ။ ဒီနေ့ပွဲ ဆို ဒဏ်ရာ ရ အသင်းသား ၁၂ ယောက် ရှိတယ်။ ” လို့ ပိုချက်တီနိုက ထုတ်ပြောသွားတာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကစားအပြီး နိုင်ပွဲ ၁ ပွဲပဲ ရထားခြင်းနဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရှိနေတာပဲ ဖြစ်ပါတယ်။